DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင် အရန်ခဲယမ်းကျည်များ ပြတ်လပ်နေ  
DVB
·
July 13, 2025
စစ်ကောင်စီတပ်တွင် အရန်ခဲယမ်းကျည်များ ပြတ်လပ်နေ  
Donate to DVB

စစ်ကောင်စီတပ်မှာ အရန်ခဲယမ်းကျည်တွေ ပြတ်တောက်ပြီး ခဲယမ်းကျည်တွေကို အခုထုတ် ချက်ချင်းသုံးဖြစ်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute -MDSI) က ဆိုပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေမှာ လောလောလတ်လတ် ထုတ်လုပ်ထားတဲ့ ခဲယမ်းကျည်၊ ဗုံး၊ လက်နက်တွေပါဝင်နေတာကို ပိုတွေ့လာရတယ်လို့ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒီရက်ပိုင်းမှာ စစ်ကောင်စီရှေ့တန်းတပ်စခန်းတွေကို လေကြောင်းကနေချပေးတဲ့ ခဲယမ်းကျည်တွေဟာ ဇူလိုင်လ ရက်စွဲနဲ့ ထုတ်လုပ်ထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာမှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစတပ်ကနေ ရက်ပိုင်းအတွင်း ထုတ်လုပ်ထားတဲ့ ကလပ်စတာဗုံးကို သုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ခဲယမ်းလက်နက် လိုအပ်ချက်အမြင့်မားဆုံးဖြစ်လာနေတဲ့ စစ်ကောင်စီတပ်ဟာ အရန်ခဲယမ်းကျည်ပြတ်တောက်ပြီး အခုထုတ် ချက်ချင်းသုံးအခြေအနေထိ ဆိုက်ရောက်လာနေတာလို့ ဖော်ပြထားပါတယ်။

တိုက်စွမ်းအားကိုအားပြုနေရတဲ့ စစ်ကောင်စီတပ်ဟာ ကပစတပ်ကနေ အဆက်မပြတ် ထုတ်လုပ်ပေးနေတဲ့ လက်နက်ကြီး၊ ခဲယမ်းကျည်အားသာချက်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖိအားကို ခုခံတန်ပြန်နိုင်နေတာဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ကျယ်ပြန့်အားကောင်းလာတဲ့ တိုက်ပွဲတွေကို အဆက်မပြတ်ရင်ဆိုင်နေရတာကြောင့် ခဲယမ်းကျည်နဲ့ ဗုံးလက်နက်လိုအပ်ချက်ကို အလျဉ်မီ ရအောင်၊ သုံးနိုင်အောင် ကြိုးပမ်းနေရတယ်လို့ ဆိုပါတယ်။

ကပစတပ်တွေရဲ့ စစ်လက်နက်ထုတ်လုပ်မှုဟာ လုပ်သားအင်အား၊ ကုန်ကြမ်း၊ လျှပ်စစ်မီး၊ နည်းပညာနဲ့ လုပ်ငန်းခွင်လည်ပတ်နိုင်တာအပေါ် အများကြီးမူတည်နေပြီး ထုတ်လုပ်မှုပိုင်းနဲ့ လုပ်ငန်းခွင်လည်ပတ်မှု ထိခိုက်လျော့ကျလာရင် စစ်ကောင်စီတပ်အဓိကအားပြုနေရတဲ့ တိုက်စွမ်းအားကို အများကြီး ယိုင်နဲ့သွားစေမယ်လို့လည်း MDSI က သုံးသပ်ထားပါတယ်။

MDSI ဟာ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြုအဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်စုဖွဲ့တည်ဆောက်ပုံနဲ့ အတွေးအခေါ် အယူဝါဒတွေ၊ စစ်ရေးနည်းဗျူဟာဖော်ဆောင်မှုတွေ၊ အားသာချက် အားနည်းချက်တွေကို မဟာဗျူဟာကျကျ လေ့လာဆန်းစစ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013