DVB Logo
Home
နိုင်ငံတကာ
ပီကေကေသူပုန်များ လက်နက်မီးရှို့ပွဲ အခမ်းအနား ပြုလုပ် 
DVB
·
July 12, 2025
ပီကေကေသူပုန်များ လက်နက်မီးရှို့ပွဲ အခမ်းအနား ပြုလုပ် 
Donate to DVB

ကာဒစ်စတန်အလုပ်သမားပါတီ (PKK) ဟာ တူရကီအစိုးရနဲ့ နှစ်ပေါင်းဆယ်ချီ ကြာရှည်လာတဲ့ သူပုန်ထမှုကို အဆုံးသတ်တဲ့အနေနဲ့ ဇူလိုင် ၁၁ ရက်က အီရတ်နိုင်ငံမြောက်ပိုင်းရှိ လိုဏ်ဂူဝ တခုမှာ သူတို့ရဲ့ လက်နက်တွေကို မီးရှို့ပွဲအခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ 

အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ်စတန်ဒေသမှ  ဒူကန်မြို့ရှိ ဂျာစနာဂူဝမှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနား ကို တူရကီနဲ့ အီရတ်ထောက်လှမ်းရေးအရာရှိတွေ၊ အီရတ် ကာဒစ်စတန်ဒေသဆိုင်ရာ အစိုးရ အရာရှိတွေနဲ့ PKK ရဲ့ လက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို ပံ့ပိုးပေးတဲ့ တူရကီလိုလားတဲ့ ကာ့ဒ် DEM ပါတီ အကြီးတန်း အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသမီးတိုက်ခိုက်ရေးသမား အရေအတွက် ထက်ဝက်လောက်ပါရှိတဲ့ PKK စစ်သွေးကြွ အယောက် ၃ဝ လောက်ဟာ AK-47 ရိုင်ဖယ်သေနတ်တွေ၊ ကျည်စလွယ်တွေ၊ တခြားသေနတ် အမျိုးအစားတွေနဲ့ ကျည်ခါးပတ်တွေကို မီးခိုးရောင် ဧရာမ မိုးပြဲဒယ်အိုးကြီးထဲမှာ တန်းစီထည့်ကြ ပြီးနောက် မီးရှို့နေတာကို ကာ့ဒ်၊ အီရတ် နဲ့ တူရကီ တာဝန်ရှိသူတွေက ကြည့်ရှုနေကြတဲ့ အခမ်းအနား ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။ 

အခမ်းအနားမှာ PKK အဖွဲ့ရဲ့ ဆန္ဒအလျောက် လက်နက်စွန့်ကြောင်း ကြေညာချက်ကို PKK ထိပ်တန်းပုဂ္ဂိုလ် ဘေဆေ ဟိုးဇာ့ထ်က ဖတ်ကြားသွားပြီး “အလွန်လေးနက်တဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်ပြီး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားစီရင်ရေး စည်းမျဉ်းတွေကို အလေးအနက်ထားဖို့ လိုပါတယ်” လို့လည်း ဆိုပါတယ်။ 

မူလတုန်းက လွတ်လပ်တဲ့ ကာ့ဒ်နိုင်ငံကို ထူထောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ၁၉၈၄ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ PKK ပါတီဟာ တူရကီကို သူပုန်ထခဲ့မှုအတွင်း ပဋိပက္ခကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကြီးမားတဲ့စီးပွားရေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီးတော့ လူမှုရေး တင်းမာမှုတွေ လည်း ပေါ်ပေါက်ခဲ့တာပါ။ 

တူရကီနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာ သွေးထွက်သံယို ပဋိပက္ခ ဖြစ်နေခဲ့တဲ့ PKK ပါတီဟာ ဒီနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဆီး အကျဉ်းကျခံထားရတဲ့ အဖွဲ့ခေါင်းဆောင် အဗ္ဗဒူလာ အိုကာလန် ဆီမှ လူသိရှင်ကြား တောင်းဆိုမှုအပြီး မေလမှာ အဖွဲ့ကိုဖျက်သိမ်းပြီး တော်လှန်ရေးကို အဆုံးသတ်လိုက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

လုပ်ငန်းစဉ် တခုလုံးကတော့ ၂ လမှ ၅ လလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားကြောင်း တူရကီရုပ်သံလိုင်း NTV က ပြောကြားခဲ့ပြီး လက်နက် မစွန့်ကြသေးတဲ့ စစ်သွေးကြွတွေကတော့ အီရတ်မှာ ဆက်လက်နေထိုင်မှာဖြစ်ကာ PKK လှုပ်ရှားမှုတွေကို ရပ်တန့်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ကတည်းက တူရကီ အရှေ့တောင်ပိုင်းနဲ့ အီရတ် မြောက်ပိုင်းမှာ တူရကီစစ်သားတွေနဲ့ PKK စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အန်ကာရာက ပြောပါတယ်။ 

တူရကီဟာ ဒေသတွင်းရှိ PKK သိုလှောင်နယ်မြေတွေနဲ့ အခြေစိုက်စခန်းတွေကို စီးနင်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013