
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက စစ်ကောင်စီရဲ့ သာဝတ္ထိနယ်မြေရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက်ည ၁၀ နာရီ ၄၅ မိနစ်အချိန်လောက်က သာဝတ္ထိနယ်မြေရဲစခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ဒုံးဟာ စခန်းထဲကိုမရောက်ဘဲ သာဝတ္ထိအုပ်စု၊ စက်ရုံစုရပ်ကျေးရွာ၊ သာဝတ္ထိဘူတာအနီးက လူသွားလမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရဲစခန်းကို လာပစ်ခတ်တိုက်ခိုက်တာပါ။ စစ်ကောင်စီဘက်ကတော့ PDF တွေ ပစ်ခတ်တာလို့ပြောပါတယ်။ လူတွေထိခိုက်တာမရှိပါဘူး။ ရဲစခန်းတော့ နည်းနည်း ထိခိုက်ပျက်စီးတာရှိတယ်လို့သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို အရှည် ၁ ပေခွဲ ရှော့တိုက်လက်လုပ်စိန်ပြောင်း ၁၀ လုံးတွဲနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ၉ လုံးပေါက်ကွဲပြီး ၁ လုံးက ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
ဒေသခံတယောက်က “ဘယ်အဖွဲ့ကပစ်လဲတော့မပြောတတ်ဘူး။ ညအချိန်လည်းဖြစ်တော့ မီးခိုးတွေထွက်ပြီး ပေါက်ကွဲသံကတော်တော်ကျယ်တယ်။ ရဲတွေ၊ စစ်သားတွေလည်း ရှုပ်ယှက်ခတ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ရဲစခန်းပတ်ဝန်းကျင်နဲ့ ကျေးရွာတွေဘက်မှာ ဒီနေ့ ဇူလိုင် ၁၂ ရက် မနက် အထိ လိုက်လံစစ်ဆေးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နေပြည်တော် သာဝတ္ထိနယ်မြေရဲ စခန်းရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က PDF တွေလုပ်တာလို့ ဆိုပေမယ့် တော်လှန်ရေးတပ် PDFတွေဘက်က ဇူလိုင် ၁၂ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










