
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စာသင်ကျောင်းကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ တာဝန်ရှိသူတယောက်က “မြိုင်ရဲ့တောင်ဘက်နားက ပန်းတိုင်တောရွာစာသင်ကျောင်းကို နေ့လယ် ၁၂ လောက်ကနေစကြဲတာ နာရီဝက်လောက်ကြာတယ်။ ပါရာမော်တာ ၂ စီးနဲ့ ဗုံးကြဲသွားလို့ ကျောင်းဆောင်တချို့ထိခိုက်ပျက်စီးတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေပိတ်ထားတာဆိုတော့ကျောင်းသား ကျောင်းသူတွေထိခိုက်တာမရှိပါဘူး။ တခြားပြည်သူတွေလည်း ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဇူလိုင် ၉ ရက်နေ့က မြိုင်-ပခုက္ကူကားလမ်းပေါ်မှာရှိတဲ့ စီမံကိန်းရုံး စစ်ကောင်စီကာကင်းအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း မြိုင်မြို့ပတ်ဝန်းကျင်ကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတယ် လို့လည်း ဆိုပါတယ်။
မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယျာ က “ကာကင်းစခန်းအသိမ်းခံရပြီး လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေပါဖမ်းဆီးရမိလိုက်တော့ သူတို့ဘက်က တော်တော်လေးအထိနာသွားတယ်။ အဲဒါကြောင့် ရှက်ရမ်းရမ်းပြီး ဖိုက်တာတွေနဲ့ရော ပါရာမော်တာတွေနဲ့ပါ မြို့ပတ်ဝန်းကျင်ကို ဆက်တိုက်ဗုံးကြဲနေတာ။ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်လို့ရှိမှာပေါ့ဗျ။ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ ပြည်သူထိခိုက်တာရှိတယ်လို့မကြားသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်တာတွေ ဆက်လုပ်လာနိုင်လို့ မြိုင်မြို့နယ်အတွင်းကပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့နေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြိုင်မြို့က စီမံကိန်းရုံး စစ်တပ်ကာကင်းအထိုင်စခန်း တိုက်ခိုက်ခံရအပြီး ဇူလိုင် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်၊ သနပ်ရင်းကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ၂ နှစ် အရွယ်ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးခဲ့ရသေးတယ်လို့လည်း ဒေသခံလူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။










