စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေတဲ့ ဘုန်းကြီးကျောင်းကို ဇူလိုင် ၁၁ ရက် မနက် ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ကလေးငယ်တွေအပါအဝင် ပြည်သူ အယောက် ၃၀ သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
ကျော်ဇေယျာ၊ သစ်ချိုကုန်းနဲ့ ရုံးပင်ကန် စတဲ့ ရွာတွေက စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြတာလို့ ဆိုပါတယ်။
ဇူလိုင် ၁၁ ရက် မနက် တနာရီ ဒေသခံတွေ အိပ်မောကျနေချိန်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ စစ်ကိုင်း PDF က DVB ကိုပြောပါတယ်။
သေဆုံးသွားသူတွေအထဲမှာ ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီမှာ ရွာသုံးရွာလောက်က စစ်ရှောင်နေကြတာ။ လေယာဉ်နဲ့ နှစ်ကြိမ်ကြဲသွားတာ မနက်လည်း မလင်းသေးတော့ အိပ်နေချိန်ဆိုတော့ တော်တော်များများ ထိကုန်ကြတယ်။ သေဆုံး ဒဏ်ရာရတဲ့ အများစုကတော့ ကျော်ဇေယျာရွာက ပါကြတာ။ သူတို့ရွာက စစ်ကြောင်းလည်း ဝင်နေတော့ ဘုန်းကြီးကျောင်းကို လာရှောင်နေကြတာ၊ သေဆုံးက ဒီမနက် ၃၀ ဖြစ်လာတယ်။”
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဇွန် ၁၁ ရက်နေ့မှာပဲ လင်းတလူးရွာ သုသာန်မှာပဲ သဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ လေကြောင်းရန် ကင်းလွတ်တဲ့ နေရာတွေမှာ ဆေးကုသ ပေးနေပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ပြည်သူ ၆,၈၈၂ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(WH)