
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက် မနက် ၉ နာရီခန့်မှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေလည်မော်ရွာဟာ စစ်တပ်အထိုင်စခန်းတွေဖြစ်တဲ့ ဝက်လက်မြို့ရဲ့ အရှေ့ဘက် ၆ မိုင်ခန့်အကွာနဲ့ ရှိမ်းမကားရွာရဲ့ မြောက်ဘက် ၂ မိုင်ကျော်ဝေးတဲ့ အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “လေယာဉ်နဲ့ ရုတ်တရက် ရောက်လာပြီး ရွာဆိပ်ကမ်းဘေးကို ပစ်သွားတာ။ လေယာဉ်နဲ့ ၄ ကြိမ် ပစ်သွားတာ။ အထိအခိုက်ကတော့ တဦးက အခြေအနေဆိုးတယ်။ ကျန်တဲ့လူတွေလည်း ထိခိုက်တယ်။ ထိခိုက်ဒဏ်ရာရသူ များတယ်ဗျ။ အရေးပေါ်ဆိုတော့ အရေအတွက် ဘာမှ အတိအကျ ပြောလို့မရသေးဘူး။ ဘာကြောင့်ပစ်တာလဲဆိုတော့ အခုအပစ်ခံရတဲ့နေရာက မြစ်ကြောင်း PDF စစ်ဆေးရေးကောက်ခံ ရှိတယ်လေ။ အဲဒါ သတင်းပေါက်လို့ ပစ်ခံရတာလို့ပဲ ထင်တယ်။ ကျန်တာက ဘာတိုက်ပွဲမှ ဖြစ်ပွားတာ မရှိဘူးနော်။ ပြောစရာဆိုလို့ ဒါပဲရှိတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရေလည် မော်ရွာဆိပ်ကမ်းကို လေယာဉ်နဲ့ ၄ ကြိမ်ပတ်ပြီး လေယာဉ်ပေါ်က နေ စက်လက်နက်နဲ့ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးနေမျိုးအောင်က “အဲသတင်း ဟုတ်ပါတယ်။ လေယာဉ်ပေါ်ကနေ စက်လက်နက်အကြီးနဲ့ ဆွဲသွားတာ။ ထိခိုက်မှုကတော့ ဘာမှ မသိရသေးဘူးဗျ။ ကူညီကယ်ဆယ်ရေးလုပ်ပေးဖို့ ကျနော့်ကလေးတွေ ဖြစ်ပွားရာနေရာကို လွှတ်ထားပါတယ်ဗျ။ ပြည်သူတွေ နည်းနည်းပါးပါးတော့ ထိခိုက်မှုရှိတယ်လို့လည်း ကနဦး သတင်းရထားသေးတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို စစ်ကောင်စီတပ်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ တစင်းနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
အဆိုပါနေရာကို စစ်ကောင်စီတပ်က နောက်ထပ်တကြိမ် လာပစ်ဦးမယ်ဆိုတဲ့ သတင်းတွေ ဒေသတွင်းမှာ ဖြစ်ပေါ်နေတာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။