ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မြို့သိမ်းတိုက်ပွဲမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (KPLA) တပ်ရင်းအမှတ် ၉၄၂၅ တပ်ခွဲတွေက ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KPLA B/9425 တပ်ခွဲ ၄ မှာ ဒုစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးနေတဲ့ ရဲဘော် တယောက် ဇူလိုင် ၅ ရက် ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။
KPLA B/9425 တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော် အာဗြာဟန်ကတော့ ဇူလိုင် ၇ ရက်နေ့မှာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရပါတယ်။
ဇွန် ၂၅ ရက်မှာ စစ်ကောင်စီရဲ့ ခလရ ၁၃၄ စခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေရင်း ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၂ ရက်မှာ စစ်ကောင်စီရဲ့ FTC-2000G အမျိုးအစား တိုက်လေယာဥ်ကိုလည်း ပစ်ချနိုင်ခဲ့တာပါ။
ခလရ ၁၃၄ စခန်းကို သိမ်းပိုက်ပြီးနောက် ၁၃၅ စခန်းဘက်မှာ ထိတွေ့တိုက်ပွဲရှိနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။