
တိုက်ပွဲတွေကြောင့်ပိတ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို ယခုပညာသင်နှစ်မှာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကယားပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
Non - CDM တက္ကသိုလ်ဆရာမတယောက်က "သူတို့ကတော့ ပြန်ဖွင့်မယ်ပြောတယ်။ ဒါပေမဲ့ ဘယ်ကလေးက တက်ရဲမလဲ။ ဆရာမတွေကရော နေရဲပါ့မလား။ သူတို့ကတော့ အေးချမ်းနေပြီ ပုံမှန်အတိုင်း စာပြန်သင်လို့ရပြီ ပြောတယ်။ စိတ်ချရတဲ့အခြေအနေမှာ မရှိဘူး" လို့ ပြောပါတယ်။
လက်ရှိမှာ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တက္ကသိုလ် အဆောက်အအုံ မွမ်းမံပြင်ဆင်တာတွေ ပြုလုပ်နေပြီး သတ်မှတ်ကာလ ပြီးစီးဖို့အတွက် အားလုံးက အလေးထား ဆောင်ရွက်ကြဖို့ကို လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
လွိုင်ကော်တက္ကသိုလ် ပင်မသုံးထပ်ဆောင်၊ ပင်မဆောင်အဆောက်အအုံရှိ ကျောင်းသားရေးရာဌာန၊ စုပေါင်းခန်းမ၊ အစည်းအဝေးခန်းမတွေနဲ့ စာသင်ခန်းစတာတွေကို ပြန်လည်ပြုပြင်မွမ်းမံနေပါတယ်။
ဆက်လက်ပြီး ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန ရုံးခန်း၊ စာသင်ခန်းတွေ၊ ကယားချယ်ရီနဲ့ ကယားသဇင် ကျောင်းသူအိပ်ဆောင်၊ သန့်စင်ခန်းတွေနဲ့ ထမင်းစားခန်းမစတာတွေကိုလည်း ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း ကယားပြည်နယ် (ကရင်နီပြည်) ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ ပညာရေးဒီဂရီကောလိပ်ကို ပြန်ဖွင့်ခဲ့ပါတယ်။
ကရင်နီပူးပေါင်းတပ်တွေဟာ မြို့သိမ်းဖို့ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်၊ နောင်ယားအပါအဝင် ရပ်ကွက်တချို့ကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။