DVB Logo
Home
မြန်မာသတင်း
MBT အဖွဲ့က ၅.၅၆ ကျည်ဖြင့် ပစ်ခတ်နိုင်သည့် ရိုင်ဖယ်သေနတ် တီထွင်အသုံးပြု
DVB
·
July 10, 2025
MBT အဖွဲ့က ၅.၅၆ ကျည်ဖြင့် ပစ်ခတ်နိုင်သည့် ရိုင်ဖယ်သေနတ် တီထွင်အသုံးပြု
1 / 4
Donate to DVB

လက်နက်ဝယ်ယူရာမှာ စျေးအရမ်းများနေတာကြောင့် ၅.၅၆ ကျည်နဲ့ အသုံးပြုလို့ရမယ့် BT 16 သေနတ် ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေကြကြောင်း MBT တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းကာ ၅.၅၆ ကျည် အသုံးပြုပြီး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်ကာ ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

BT-16 လို့ နာမည်ပေးထားတဲ့ လက်လုပ်သေနတ်ကို ဇူလိုင် ၈ ရက်မှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်မြေပြင်တွေမှာ အသုံးပြုနေကြပြီလို့ ဆိုပါတယ်။

MBT တပ်ရင်း တာဝန်ခံ ဗိုလ်မိုက်ခဲက “BT-16 က လက်လုပ်သေနတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော မောင်းပြန်သေနတ်ပါပဲ။ ကျနော်တို့ အညာတပ် အထူးသဖြင့် လက်နက်ဝယ်ရတာ ခက်ခဲတဲ့ အညာဒေသတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းကလည်း တော်တော်လေး အဆင်ပြေတယ်။ ဝယ်မယ်ဆို သိန်း ၂၀၀ ကျော် ပေးဝယ်နေရတဲ့အချိန်မှာ ဒီလို BT-16 ကို အလက်ရေများများ ထုတ်နိုင်ရင်တော့ တော်တော်လေး အသုံးဝင်မယ်လို့ ကျနော်ထင်ပါတယ်။ တော်လှန်ပြည်သူတွေ အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီရာမှာ စျေးသက်သာပြီး စစ်ဆင်ရေးမှာ ထိထိရောက်ရောက် အသုံးပြုနိုင်တာမို့ လှူဒါန်းရတဲ့ငွေပမာဏ သက်သာမှာမို့ ချွေတာ ပြုလုပ်ထားကြတာ” လို့ ပြောပါတယ်။

MBT တပ်ဖွဲ့နဲ့အတူတူ လက်တွဲထုတ်လုပ်ခဲ့တဲ့ RBDF တပ်ဖွဲ့ဟာ မောင်းပြန်တွေကို ထုတ်လုပ်နိုင်ခဲ့တာ ကြာနေပြီဖြစ်​ပေမဲ့ ခုတော့ အဖွဲ့ ၂ ဖွဲ့က နည်းပညာတွေကို ပူးပေါင်းခဲ့တာကြောင့် ပိုမို အရည်အသွေးကောင်းမွန်တဲ့ BT-16 ရိုင်ဖယ်သေနတ် ရရှိခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ အညာတပ်တွေမှာ မောင်းပြန်တလက်ရဖို့ဆိုတာ မလွယ်ကူဘူး။ စက်ရုံထုတ် မဟုတ်ဘူး ဆိုရင်တောင် ကျနော်တို့ထုတ်တဲ့ မောင်းပြန် တပ်ဆင်ပေးနိုင်တော့မယ် ဆိုတာက အတိုင်းထက်မသိ ဝမ်းသာပီတိဖြစ်ရတယ်။”

BT-16 ရိုင်ဖယ်သေနတ်ဟာ စက်ရုံထုတ် မောင်းပြန်သေနတ်တွေနဲ့ ထပ်တူ တူညီမှု ရှိပေမဲ့ သံအရည်အသွေးကတော့ ကွဲပြားတာကြောင့် စက်ရုံထုတ် မောင်းပြန်တွေက ကျည် ၂၀,၀၀၀ လောက် အပစ်ခံရင် BT-16 ရိုင်ဖယ်ကတော့ ကျည် ၁၅,၀၀၀ ခန့်သာ ပစ်လို့ရမှာဖြစ်ပြီး သံအရည်အသွေးအလိုက် သေနတ်ရဲ့ သက်တမ်းက ကွာသွားမယ်လို့ ဆိုပါတယ်။

ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ ၃၅ သိန်းကျပ်သာ ကျသင့်ပြီး မိဘပြည်သူတွေအနေနဲ့ သေနတ်တလက်စာ ကူညီထောက်ပံ့ရင် အဆိုပါသေနတ်မှာ ထောက်ပံ့သူရဲ့ အမည်ကို အမှတ်တရအနေနဲ့ ကမ္ပည်ရေးထိုးပေးသွားမယ်လို့ သိရပါတယ်။

MBT အနေနဲ့ နောက်ထပ်လည်း ကောင်းမွန်ပြီး နည်းပညာပြည့်ဝတဲ့ လက်နက်ကြီး လက်နက်ငယ်တွေကို ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) နဲ့အတူ ပူးပေါင်းပြီး ဆက်လက်ထုတ်လုပ်သွားမယ်လို့ Myingyan Black Tiger တပ်ဖွဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013