ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးအနီးနားက လိုလော်ထီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာက အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၉ ရက် ည ၇ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ကျေးရွာထဲကို ကြဲချတိုက်ခိုက်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ထိခိုက်မိသူတွေလည်း ရှိနေပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “ရွာခံတွေပါ၊ မော်ချီးနဲ့ မနီးမဝေးလောက်က ရွာဟောင်းပေါ့နော်။ ပြည်သူလူထုကို အကြောက်တရားတွေ ထည့်ပြီး သတ်ဖြတ်တဲ့နည်းနဲ့ ပြည်သူလူထုကိုလည်း ရန်သူသဖွယ် သတ်မှတ်ပြီးတော့မှ တိုက်ခိုက်တာတွေ လုပ်နေတာပေါ့နော်” လို့ ပြောပါတယ်။
သေဆုံးခဲ့သူတွေက အသက် ၃ နှစ်အရွယ် နော်ဝါးစတီးဖိုး၊ အသက် ၈ နှစ်အရွယ် နော်အဲ့အယ်၊ အသက် ၂၈ နှစ်အရွယ် နော်ပုလဲစေး၊ အသက် ၂၈ နှစ်အရွယ် အယ်သလဲအယ်၊ အသက် ၅၀ မရွယ် နော်လုဇာတို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆ ယောက်မှာ တယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ပျက်စီးပြီး ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း မော်ချီးဒေသထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။