
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အရှေ့ပိုင်း ပန်းမထိပ် (ဂေါ်ရခါး) ကျေးရွာကို ဇူလိုင် ၉ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးကာ နောက်ထပ် ၄ နှစ်ကနေ ၁၅ နှစ်အတွင်းရှိတဲ့ ကလေးငယ် ၇ ယောက်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်း အကူအညီနဲ့ ဆေးကုသမှု ပေးနေတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“အကုန်လုံးကို ဆေးကုသမှု ပေးထားတယ်ပေါ့။ ညတွင်းချင်းပဲ ဆေးကုသမှု ပေးထားတာ။ အများစုကတော့ ဗုံးအစတွေ မှန်ကြတာ။ လက်တွေ၊ ခေါင်းတွေမှာ။ သေဆုံးသွားတဲ့ ကလေး ၂ ဦးက ရင်ဘတ်နဲ့ ခေါင်းကို အစမှန်တာ တော်တော်နက်တယ်။ နေရာတင်ပဲ ဆုံးသွားကြတာပါ။”
မိုးကုတ်မြို့နယ်မှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာကို ဦးတည်ပစ်ခတ်နေတာကြောင့် လေကြောင်းရန်ကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ အတိအကျသိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း မိုးကုတ်မြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။