Home
မြန်မာသတင်း
စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာမီးရှို့၊ ပေါ်တာဆွဲ
DVB
·
July 9, 2025

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ အနီးအနားက ရွာ ၈ ရွာလောက်ကို မီးရှို့ပြီး ပေါ်တာဆွဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေး ဆိုပြီး မကွေးတိုင်းထဲက စလင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာ ၁၀ ရက်ကျော် ရှိလာနေပါပြီ။

စလင်း-မိုးဝင်း-သရက်ချဥ်-ဆင်ဖြူကျွန်းလမ်းပိုင်းကို ဝင်လာတဲ့ စစ်ကြောင်းဟာ အနီးနားက ကျေးရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသားတွေကို ပေါ်တာဆွဲနေတယ်လို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေက DVB ကို ပြောပါတယ်။

လက်ရှိ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတဲ့ ကျေးရွာတွေက ကျီးသိုက်၊ ကညှပ်နဲ့ အုန်းတောကျေးရွာ တို့ဖြစ်ပြီး ပေါ်တာဆွဲလို့ ထွက်ပြေးနေရတဲ့ရွာတွေက နောင်တော်ကြီး၊ နောင်တော်လေး၊ ဇရပ်လှ၊ ကျောင်းကုန်းနဲ့ ခရေကုန်းကျေးရွာတွေ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ အုပ်စုနှစ်စုခွဲပြီး စလင်းမြို့နယ်နားတဝိုက်မှာ ဒေသခံတွေ ပျူတွေနဲ့ ပေါင်းပြီး ပေါ်တာလိုက်ဆွဲနေသလို ဆင်ဖြူကျွန်းမြို့နားက စစ်ကြောင်းကတော့ အနီးနားရွာတွေထဲ ဝင်ပြီး အိမ်မီးရှို့တာတွေ လုပ်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရွာလုံးကျွတ်နီးပါး မီးလောင်သွားလို့ ရွာခံ အယောက် ၂၀၀ ကျော်နဲ့အတူ ထွက်ပြေးနေရတဲ့ ကညှပ်ကျေးရွာခံက လက်ရှိအခြေအနေတွေကို ရှင်းပြပါတယ်။

“လောလောဆယ် ရွာကသူတွေကတော့ ဒီဘက်က တောထဲမှာ လာနေနေကြတယ်။ စစ်တပ်က ရွာကို အမှတ်မထင်ဖြတ်ပြီးတော့ နောက်ပိုးသိပ်ပြီးတော့ ဝင်ပြီးစီးတာဆိုတော့ ဘာမှကို ယူချိန်မရလိုက်ဘူး။ လောလောဆယ် မိုးရွာနေတော့ မိုးကာတော့ လိုတာပေါ့။ ပေါ်တာဆွဲတဲ့အဖွဲ့က သီးသန့် တဖွဲ့သပ်သပ်ရှိတာ၊ အဲဒါက ဆင်ဖြူကျွန်း စလင်းမှာ ပေါ်တာဆွဲတယ်။ မြို့ပေါ်မှာရှိနေတဲ့ မြို့ခံ ရဲနဲ့ အရပ်ဝတ်တွေ ပျူစောထီးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးကကောင်တွေနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲတာ။ အခု ဒီစစ်ကြောင်းက ဆင်ဖြူကျွန်းမြို့ပေါ်မှာလည်း ရှိတယ်။ ဆင်ဖြူကျွန်း စလင်း နှစ်မြို့ကြားက သစ္စာမြိုင်ကွက်သစ်ဆိုတဲ့ ပြည်တော်ပြန်ဘုရားကွင်းမှာလည်း ရှိတယ်။ စလင်းမြို့ မြောက်ဘက်အထွက်တို့ အနောက်ဘက်အထွက်တို့ အဲလိုတွေမှာကျတော့ ကင်းစခန်းတွေပေါ့၊ အဲဒါတွေလည်းရှိတယ်။”

ဇူလိုင် ၇ ရက်က စလင်းမြို့ပေါ် ရပ်ကွက်တွေမှာ ပေါ်တာလိုက်ဆွဲနေတဲ့ စစ်ကြောင်းတကြောင်းကို စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က မိုင်းနဲ့တိုက်ခိုက်ခဲ့ပေမဲ့ စစ်ဆင်ရေး လုပ်နေတဲ့အချိန် ပြည်သူတွေ ရှိနေတဲ့အတွက် စစ်ကြောင်းထိအောင် မတိုက်ခိုက်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒီရက်ပိုင်းတွေမှာ စလင်း ဆင်ဖြူကျွန်း လမ်းပိုင်းကို ခရီးသွားပြည်သူတွေ အသုံးမပြုဖို့နဲ့ စစ်ယာဥ်တန်းတွေနဲ့ အနီးကပ် ခရီးသွားခြင်း မပြုဖို့ကိုလည်း စလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက “ဇူလိုင် ၇ ရက်နေ့က အင်အား ၅၀ ကျော်ပါတဲ့ (--)စစ်ကြောင်းကို အပြင်းစားမိုင်းနဲ့ ဖောက်ခွဲခဲ့တာပေါ့။ ဖောက်ခွဲခဲ့တဲ့နေရာမှာက ပြည်သူတွေက သွားလာလှုပ်ရှားမှု ရှိနေတယ်။ နီးကပ်မှုရှိနေတော့ ကျနော်တို့ နှစ်လုံးဖောက်ခွဲဖို့ကို တလုံးပဲ ဖောက်ခွဲခဲ့တာပေါ့။ ပြည်သူကိုငဲ့ပြီး ဖောက်ရတဲ့ အတိုင်းအတာဆိုတော့ (--)စစ်ကြောင်းကို ထိခိုက်မှုတော့ မရှိဘူးပေါ့။ အဲဒီ (--)စစ်ကြောင်းက အင်အား ၅၀ ပါတယ်။ စလင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ပေါ်တာလိုက်ဆွဲတဲ့ (--)စစ်ကြောင်းဖြစ်တယ်” လို့ ပြောပါတယ်။

စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ ၁၀ ရက်အတွင်း ကျေးရွာပေါင်း ၈ ရွာက ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော မိုးကာပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေလို့ အကူအညီ တောင်းခံထားကြပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024