
ဗြိတိန်စာတိုက်ရုံးမှာ ကွန်ပျူတာစနစ် အမှားအယွင်းကနေ ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အရှုပ်အထွေးကြောင့် လူပေါင်း ၁၃ ယောက်အထိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြပြီး တချို့သူတွေလည်း ဒေဝါလီခံရသူတွေနဲ့ ကျန်းမာရေး အပြင်းအထန် ထိခိုက်မှုတွေ ကြုံခဲ့ရကြောင်း ဇူလိုင် ၈ ရက်က လူထုစုံစမ်းစစ်ဆေးမှု တရားရုံးတခုမှာ ဖော်ထုတ်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ အဆိုးရွားဆုံး တရားမျှတမှု ချိုးဖောက်ခံရမှုထဲက တခုအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံပိုင်စာတိုက်ရုံးက အမှုဆောင် အကြီးအမှူးတွေဟာ စာတိုက်က ကွန်ပျူတာစနစ်မှာ အမှားရှိနိုင်တယ် ဆိုတာကို သိထားပြီးသား ဖြစ်နေရင်တောင် ပြည်သူတွေကိုတော့ ‘အမှားမရှိဘူး၊ မှန်ကန်ပါတယ်’ လို့ မှားယွင်းပြောဆိုထားကြတာကို တွေ့ရှိကြောင်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဝီးန် ဝီလျံစ်က ဇူလိုင် ၈ ရက်မှာ ပြောကြားပါတယ်။
၂၀၀၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း စာတိုက်ရုံးဟာ သူတို့အကောင့်တွေထဲမှာ ပေါ်လာတဲ့ ငွေပျောက်ဆုံးမှုတွေအတွက် ရုံးခွဲမန်နေဂျာတွေကို တရားစွဲဆိုခဲ့ပေမဲ့ အမှန်တကယ်တော့ ဂျပန်ကွန်ပျူတာကုမ္ပဏီ ဖူဂျစ်ဆုက ထောက်ပံ့ပေးထားတဲ့ အိုင်တီစနစ်ထဲရှိ အမှားအယွင်းတွေကြောင့် ဖြစ်သွားခဲ့တာပါ။
အဲဒီဖြစ်ရပ်အတွက် လူပေါင်း ၁,၀၀၀ လောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ စာတိုက်ရုံးက တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Mr Bates vs the Post Office” ရုပ်သံဇာတ်လမ်းတွဲကို ပြသခဲ့ပြီးနောက် မနှစ်တုန်းက အဲဒီအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး လူအများ ဒေါသထွက်ခဲ့ကြရာကနေ ကွန်ပျူတာ အမှားအယွင်းကြောင့် ပြစ်ဒဏ်ကျခံရသူတွေကို အပြစ်ကင်းလွတ်ကြောင်း ဥပဒေကြောင်းအရ ပြန်ရှင်းလင်းပေးခဲ့ပါတယ်။
စာမျက်နှာ ၁၆၂ မျက်နှာပါ အစီရင်ခံစာရဲ့ ပထမတွဲမှာ စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဝီးန် ဝီလျံစ်က နစ်နာသူတွေအတွက် လျော်ကြေးငွေ အပြည့်အဝနဲ့ မျှမျှတတ ရရှိစေဖို့ကို အရေးတကြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သူ့ရဲ့ အကြံပြုချက်တွေထဲမှာ အခမဲ့ ဥပဒေအကြံပေးမှုနဲ့ မိသားစုဝင်တွေအတွက် လျော်ကြေးငွေတွေ ပါဝင်ပါတယ်။
လူဘယ်လောက် ထိခိုက်နစ်နာခဲ့ရတယ် ဆိုတာ အတိအကျ မသိရသေးပေမဲ့ လျော်ကြေးအစီအစဉ် ၄ ခုမှာ သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့ တောင်းဆိုသူပေါင်း ၁၀,၀၀၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။
စုံစမ်းမေးမြန်းမှုအပြီးမှာ ကိုယ့်ဘာသာ အဆုံးစီရင်သွားတယ်လို့ မိသားစုတွေက ပြောကြတဲ့ စာတိုက်မှူးဟောင်း ၆ ယောက်ကို စာတိုက်ရုံးက အမည်စာရင်းပေးခဲ့ပါတယ်။
စာတိုက်မှူးတွေ မဟုတ်ကြတဲ့ တခြားသူ ၇ ယောက်ကတော့ မှားယွင်းမှတ်တမ်းတင်ထားတဲ့ ငွေဆုံးရှုံးမှု အကျိုးဆက်တွေကြောင့် သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားကြတာလို့ သူတို့ရဲ့မိသားစုတွေက ပြောကြပါတယ်။
တခြားသူတွေလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးပြဿနာတွေ၊ ဒေဝါလီခံရမှုနဲ့ ဆက်ဆံရေး ပြိုကွဲမှုတွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters