
အိန္ဒိယနဲ့ ပါကစ္စတန်ကြား မကြာသေးမီက တိုက်ပွဲတွေ ဖြစ်အပြီး အကြမ်းဖက်မှု တန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ဇွန် ၇ ရက်မှာ ဗြိတိန်နဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ၀န်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ တွေ့အပြီး ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီဟာ ဆယ်စုနှစ် သုံးခုနီးပါးအတွင်း အဆိုးရွားဆုံး တိုက်ပွဲတွေအပြီးမှာ တောင်အာရှ အိမ်နီးချင်းတွေ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ပြီးနောက် နယူးဒေလီနဲ့ အစ္စလာမာဘတ်တို့ကို သွားခဲ့တဲ့ ထိပ်တန်းအရာရှိ ဖြစ်လာပါတယ်။
ဧပြီလမှာ အိန္ဒိယနိုင်ငံ ကက်ရ်ှမီးယားပြည်နယ်မှာ လူ ၂၆ ဦး အသတ်ခံရပြီးတဲ့နောက် ပါကစ္စတန် ကျောထောက်နောက်ခံပြု အကြမ်းဖက်သမားတွေကို အိန္ဒိယအစိုးရက အပြစ်တင်ခဲ့ပြီး စွဲချက်ကို ပါကစ္စတန် အစိုးရက ငြင်းခဲ့ပါတယ်။
အဲဒီနောက် အိန္ဒိယက ပါကစ္စတန်မှာရှိတဲ့ အကြမ်းဖက်အခြေခံအဆောက်အအုံလို့ ပြောတဲ့နေရာကို တိုက်ခိုက်ခဲ့ပြီး မေလ ၁၀ ရက်အထိ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်အထိ နှစ်ဖက်စလုံးက တင်းမာမှု အရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။
“အကြမ်းဖက်မှု နှိမ်နင်းရေး အစီအမံတွေနဲ့ပတ်သက်ပြီး အိန္ဒိယ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ဆက်လုပ်ဖို့ စိတ်အားထက်သန်ပါတယ်"လို့ နယူးဒေလီမြို့တော် ဗြိတိန်မဟာမင်းကြီးရုံးမှာ လုပ်တဲ့ လူတွေ့ မေးမြန်းခန်းမှာ လမ်မီက ပြောခဲ့ပါတယ်။
သူဟာ မိုဒီနဲ့ရော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အဲ့စ် ဂျိုင်ရှန်ကာနဲ့ပါ နောက်အဆင့်တွေကို ဆွေးနွေးခဲ့ပေမဲ့ အတိအကျ မပြောခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယနဲ့ ဗြိတိန်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ငွေကြေးထောက်ပံ့မှု၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက် မျှဝေခြင်းတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာ့ပဉ္စမနဲ့ ဆဋ္ဌမ အကြီးဆုံးစီးပွားရေးနိုင်ငံတွေကြား ကုန်သွယ်မှုမြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ လမ်မီက ပြောပါတယ်။
သူတို့ဟာ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်အတွက် ပြီးခဲ့တဲ့လအစောပိုင်းမှာ ဆွေးနွေးမှုတွေ ပြီးဆုံးခဲ့ပါတယ်။
“ဝန်ကြီးချုပ် ကီယာ စတာမာက လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ အိန္ဒိယနိုင်ငံဆီ မကြာမီလာဖို့ အလွန်မျှော်လင့်ထားတယ် ဆိုတာ သိထားတယ်”လို့ လမ်မီက ပြောပါတယ်။
လမ်မီဟာ ဇွန် ၈ ရက် မနက်အစောပိုင်းမှာ နယူးဒေလီကနေ ပြန်ထွက်သွားခဲ့ပါတယ်။
Source: Reuters