DVB Logo
Home
Lead Story
နောက်အစိုးရသစ်လက်ထက်မှ ဖွဲ့စည်းပုံပြင်မည့်အပေါ် သဘောထားအမြင်များ
DVB
·
November 18, 2014
နောက်အစိုးရသစ်လက်ထက်မှ ဖွဲ့စည်းပုံပြင်မည့်အပေါ် သဘောထားအမြင်များ
Donate to DVB

U Ko Ni copyရှေ့နေဦးကိုနီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး စည်းရုံးဟောပြောလှုပ်ရှားသူ)

“ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိ အာဏာရပါတီအနေနဲ့ ဖြစ်နိုင်သမျှ မပြင်ချင်ဘူး ဒါ့ကြောင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေတယ်လို့ပဲ ယူဆတယ်။ ၃၁ ဦးကော်မတီက ပေးတဲ့ အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါမှာလည်း ပြင်ချင်တဲ့ စိတ်စေတနာမရှိဘူး။ ပြင်ဖို့ စဉ်းစားတဲ့ ပုဒ်မ ၂၁၀ မှာ ပြင်သင့်ကြောင်း ထောက်ခံတဲ့ပုဒ်မက ၁၄ ခုပဲ ရှိတယ်။ တိုင်းပြည်အတွက် အရေးအင်မတန်ကြီးတဲ့ လုံးဝ ဒီမိုကရေစီစံနှုန်းနဲ့ မညီလို့ ပြည်သူလူထု ပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အချက်တွေအားလုံးကို တို့ထိထားတာကို မရှိဘူး။ ဒါကိုကြည့်လိုက်ရင် ပြင်ချင်တဲ့စိတ်စေတနာ လုံးဝမရှိဘူး။ ဒါကြောင့်မို့ ဒီလို အချိန်ဆွဲတာဟာ သိပ်တော့ မအံ့သြပါဘူး။ ကျနော့်အနေနဲ့ကတော့ လွှတ်တော်အတွင်းကနေ ပြင်ဆင်ဖို့ဆိုတဲ့ လမ်းကြောင်း ဟာ ဒီလွှတ်တော်မှာတော့ မအောင်မြင်နိုင်ဘူး။”

 

Ko Mya Ayeဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

“အရမ်းစိတ်ပျက်တယ်ဗျာ၊ အဲဒီစကားကြားရတော့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖြစ်စေချင်တာ အခု ချက်ချင်း အကုန်လုံးပြင်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ ဟာတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ပါ ၊ ၂၀၁၅ ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါကျတော့လည်း ဆက်ပြင်ပါ ဒီလိုပုံစံမျိုး သွားတာ။ ဘယ်သူ့ဘယ်သူမှ သာစေနာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်အကျိုးအတွက်ပဲ ပြောတာ။ အဲ့တော့ ဖွဲ့စည်းပုံ မပြင်ဘဲနဲ့ လုပ်မယ့် ရွေးကောက်ပွဲကတော့ ပြည်သူလူထု လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဘယ်လိုလုပ် ရှိမှာလဲ။”

 

kun okkarဗိုလ်မှူးကြီး ခွန်ဥက္ကာ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)

“၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံမပြင်ဘဲ ရွေးကောက်ပွဲလုပ်ရင် မတရားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောထားတာနဲ့က တော်တော်ကြီးလွဲနေတော့ ပြည်သူတွေရဲ့ဆန္ဒ အတိုက်အခံ အန်အယ်လ်ဒီရဲ့ဆန္ဒ ဘယ်လို ဖြစ်လာမလဲဆိုတာ စိုးရိမ်မိ တယ်။ ကျနော်တို့ကတော့ ၂၀၀၈ ကိုလည်း လက်မခံဘူး။ ပြင်တဲ့ဟာကိုလည်း လက်မခံဘူး။ အခုဟာက ဦးရွှေမန်းကိုယ်တိုင်က ၂၀၁၅ အထိ ရွှေ့မယ်ဆိုတော့ လွှတ်တော်တွင်းမှာ ပြင်ခွင့်ရှိတဲ့ဟာကိုပါ ပိတ်ပင်လိုက်တဲ့ သဘောဖြစ်သွားတာ။”

 

 

[caption id="attachment_24244" align="alignleft" width="223"]ဦး​အေး​သာ​အောင် ဦး​အေး​သာ​အောင်[/caption]

ဦးအေးသာအောင် (UNA သဘာပတိ အဖွဲ့ဝင်)

“‘ဒါမရေရာတဲ့ သဘော၊ ကျနော်တို့က တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြုပြင်သင့်တဲ့ အရာတွေကို ပြုပြင်ဖို့လိုမယ်။ ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲရမယ်။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အရေးကြီးတယ်။ မပြင်တော့ဘူးဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲသည်ပင် မရေရာတဲ့ သဘော ဘာမှ တိုင်းပြည်အတွက် ရွေးကောက်ပွဲရဲ့ ဟိုဘက်မှာ ထူးမခြားနား ဖြစ်မယ့် သဘောမျိုးလို့ ပြောချင်တယ်။ ရွေးကောက်ပွဲ ကျင်းပရုံနဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါဘူး။ အဓိက ပြုပြင်ပြောင်းလဲဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမတိုင်မီ ပြောင်းသင့်တဲ့ ပြင်သင့်တဲ့ အရာတွေ ပုဒ်မတွေကို ပြင်လိမ့်မယ်လို့ ကျနော်တို့ ထင်ခဲ့တယ်။ အားလုံး မပြင်နိုင်ရင်တော့ တချို့ပုဒ်မတွေ ပြင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ၂၀၁၅ မတိုင်မီ လုံးဝ မပြင်ဘူးဆိုတော့ ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ လူတယောက်အနေနဲ့ အတော်ကို စိတ်ပျက်မိတယ်။ ဒါက မဖြစ်သင့်ဘူး။ တတ်နိုင်သလောက် ၂၀၁၅ မတိုင်မီ ပြင်သင့်တယ်။”

 

[caption id="attachment_56690" align="alignright" width="191"]ဦးစောသန်းမြင့် ဦးစောသန်းမြင့်[/caption]

ဦးစောသန်းမြင့် (ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း)

“၂၀၁၅ ဟိုဘက်ဆိုရင်လည်း တပ်မတော်က မလျော့မချင်း ပြင်ဖို့ မလွယ်ဘူး ကျနော်တို့ ဖြစ်စေချင်တာက အခုနှစ်အတွင်းမှာကို တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုက မလျော့နိုင်ဘူး ဆိုတော့ ၂၀၁၅ အပြီး ၂၀၂၀ မှာရော တပ်မတော်ရဲ့ ပါဝင်မှုရာခိုင်နှုန်းဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရှိဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ပြင်မလဲဗျာ။ တကယ်လို့ နောက်သက်တမ်း တွေမှာလည်း တပ်မတော်ရဲ့ပါဝင်မှု ၂၅ ရာခိုင်နှုန်းကို ကာချုပ်ကြီးက မလျော့နိုင်ဘူးဆိုရင် အခြေခံဥပဒေ ပြင်ဖို့ဆိုတဲ့ ကျနော်တို့အားလုံး နိုင်ငံရေးပါတီ အားလုံးရဲ့ မျှော်လင့်ချက် ပြည်သူ အားလုံးရဲ့ မျှော်လင့်ချက်ဟာ အင်မတန်ကို ရင်လေးစရာကောင်းတယ်ဗျ။”

 

 

[caption id="attachment_39817" align="alignleft" width="210"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption]

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

“၂၀၁၅ မတိုင်ခင် ၆ လအလိုမှာ ဖွဲ့စည်းပုံ ပြင်ပြီးမယ်လို့ ဦးရွှေမန်းပြောခဲ့တဲ့ စကားရှိတယ်လေ။ အစကတည်းက ကျနော်တို့ မယုံဘူး။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်အောင်လုပ်ဖို့က ကျန်နေသေးတာကိုး။ လွှတ်တော် ဥပဒေကြောင်းအရကြည့်ပြီး ဟိုဟာဖြုတ် ဒီဟာတပ်တော့ ရတာ ပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးလိုအပ်ချက်တွေနဲ့ ထင်ဟပ်အောင်လုပ်မယ်ဆိုရင်တော့ ဘယ်ပြီးနိုင်မလဲ။ ဒါ့ကြောင့် မပြီးနိုင်ဘူးလို့ ကျနော်တို့က အစဉ်တစိုက်ပြောလာတာပေါ့။ ခုတော့ မပြီးနိုင်ဘူးဆိုတာ သေချာသွားပြီ။ ၂၀၁၅ မှာ ပြည်သူတွေက တကယ်လို့သာ ဒီမိုကရေစီ အင်အားစုတွေကို ရွေးချယ်ပြီးမဲပေးလိုက်မယ်ဆိုရင် မလွဲမသွေ ဒီမိုကရေစီ အခြေခံဥပဒေကြီး ဖြစ်အောင်၊ နောက်လွှတ်တော်သက်တမ်းမှာ ပြင်လောက်တဲ့ အနေအထား တွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ရဖို့ လိုတယ်။ ငြိမ်းချမ်းရေးမရဘဲနဲ့ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်အစိုးရပဲ တက်တက် ဘယ်လွှတ်တော်ပဲ တက်တက် ဒီမိုကရေစီ စံနှုန်းတွေ ပြည့်စုံတဲ့ အခြေခံ ဥပဒေဖြစ်ဖို့ ဆိုတာကတော့ မျှော်လင့်လို့ မရပါဘူး။”

 

[caption id="attachment_39458" align="alignright" width="300"]ဦးဖေသန်း ဦးဖေသန်း[/caption]

ဦးဖေသန်း  (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ)

လာမယ့် ၂၀၁၅ အလွန် ၂၀၁၆ ကျမှ ဒါတွေအတည်ဖြစ်မယ်ဆိုရင် မသင့်တော်ဘူးထင်တယ်။ ဒါပေမယ့် ဥက္ကဋ္ဌကြီးပြောတာ  ကြားတော့ကြားတယ် ဘယ်လိုသဘောမျိုးနဲ့ ပြောလည်းတော့ မသိဘူး။ မနက်က ပြောတဲ့ဟာနဲ့ သူခုပြောတဲ့ဟာနဲ့  ကွာနေလို့။ အမှန် အခုဆွေးနွေးနေတဲ့ ဟာက အခု ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် လုပ်စရာကိုင်စရာရှိတဲ့ လုပ်ငန်းတွေ အဆင်ပြေပါမှ ဖြစ်မှာ။  ဥပမာ ၅၉ (စ)လုံး လိုဟာမျိုး ၂၀၁၆ ဆို ဘာလုပ်တော့မှာလဲ ဒေါ်အောင်ဆန်းစုကြည် ၀င်ရေးအတွက် ကျနော်တို့ ဆွေးနွေးနေကြတာ။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ  ပုဒ်မ ၄၃၆ က ပိတ်ပင်ထားလို့ ကျနော်တို့ ဆွေးနွေးနေကြတာ။ ၂၀၁၆ မှာ ကျနော်တို့ကလည်း ရှိချင်မှ ရှိတော့မှာလေ။ ဦးရွှေမန်းလည်း ရှိချင်မှရှိတော့မှာ။ ၂၀၁၆ မှ ဒါတွေကို အတည်ပြုမယ် ဆိုတာတော့ သဘာဝမကျဘူးထင်ပါတယ်။ ‘ဥက္ကဋ္ဌကြီးက ဘယ်လိုပုံစံမျိုးပြောလိုက်တယ်ဆိုတာ ကျနော်တို့က အတည်ပြုချက်မရသေးဘူးခင်ဗျ။ ကြားတော့ ကြားနေတယ်’။ ဒါပေမယ့် ကျနော်ကတော့ လက်တွေ့ အခြေအနေနဲ့ တော်တော်ကို လွဲနေတယ်လို့တော့ ထင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013