တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင်ကျောင်း အနီးကို ဇူလိုင် ၈ ရက် ဒီမနက် ၉ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ယောက်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောအခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
“ကလေးတွေလည်း သေနိုင်တယ်။ ဂေါင်းဘာလျှိုထောင့်တည့်တည့်က ဦးသူတော်အိမ်ကို တည့်တည့်ကျတာ။ အဲဒီအိမ်မှာလည်း လူပြန်လာနေတာ မကြာသေးဘူး။ သူတို့တွေကိုလည်း ရှာနေဖွေနေတုန်းပဲ။ သေဆုံးထိခိုက်က ထပ်တိုးလာနိုင်တယ်။ လောလောဆယ်က အရင်ရှာဖွေနေကြတုန်းပဲ။”
လတ်တလော အခြေအနေအရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက် အရေအတွက် တိုးလာနိုင်ပြီး သေဆုံးထိခိုက်သူတွေရဲ့ နာမည်အသေးစိတ်ကို DVB အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး ။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို DVB က ဆယ်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးကတော့ ဇူလိုင် ၈ ရက် တရက်တည်းမှာပဲ မိုးကုတ်နဲ့ ကျောက်မဲမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။