
တရုတ်နိုင်ငံ မှုခင်းစုံစမ်းရေးစစ်ဆေးရေးဗျူရို ပြည်သူ့လုံခြုံရေးဌာန (CIB MPS) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ချန်းဂျီအန်ဖန်းနဲ့အဖွဲ့ဟာ ဇူလိုင် ၇ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး မြဝတီမြို့ရှိ တရားမဝင် အွန်လိုင်းလောင်းကစား ကျားဖြန့်လုပ်ငန်းနဲ့ စက်စပ်ပစ္စည်းတွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
မြဝတီမြို့မှာ လောင်းကစား ကာစီနိုရုံနဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရှင်းလင်းဖို့အတွက် ကရင်နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးကိုလည်း တရုတ်အရာရှိက သွားရောက် စစ်ဆေးခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုထားတဲ့ ဖုန်း၊ ကွန်ပြူတာနဲ့ ဆက်စစ်ပစ္စည်းတွေကို လွှဲပြောင်းရေးအတွက်နဲ့ ကျန်ရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို စုံစမ်းစစ်ဆေးဖမ်းဆီးဖို့အတွက် BGF ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တရုတ်မှုခင်းစစ်ဆေးရေး အရာရှိက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကျားဖြန့်တွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသားတွေကို မြန်မာနယ်စပ်ကတဆင့် တရုတ်ပြည်ပြန်ပို့နေပေမဲ့ တရုတ်နိုင်ငံကို မရောက်ဘဲ ဘန်ကောက်နဲ့ တခြားမြို့တွေကို ရောက်သွားပြီး ရက်ပိုင်းအတွင်း မြဝတီမြို့ကို ပြန်လည်ရောက်ရှိလာတဲ့ တရုတ်တွေလည်းရှိနေလို့ မြဝတီမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ကရင်လက်နက်ကိုင်တယောက်က ပြောပါတယ်။
၂၀၂၅ ခု ဇန်နဝါရီလကုန်ပိုင်းကနေ ဇူလိုင် ၇ ရက်အထိ မြဝတီဘက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရားမဝင် နိုင်ငံခြားသား စုစုပေါင်း ၉၁၉၈ ယောက်ထဲကနေ ထိုင်းနိုင်ငံဘက်ကို ၈၉၈၇ လွှဲပြောင်းနိုင်ခဲ့ပြီး ကျန်ရှိ ၂၁၁ ယောက်ကို အမြန်ဆုံး လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
ဇူလိုင် ၈ ရက်မှာလည်း မြန်မာဘက်က ဖမ်းဆီးထားတဲ့ ကျားဖြန့် လုပ်သား ၂၃ ယောက်ကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်၂ ကနေ ထိုင်းဘက်ကို လွှဲပြောင်းပေးဖို့ အစီအစဉ် ရှိနေပါတယ်။