Home
မြန်မာသတင်း
ကျောက်ပန်းတောင်း သစ်တော လက်ထောက်ညွှန်မှူး အပါအဝင် ၅ ဦး ဖမ်းဆီးခံရ
DVB
·
July 7, 2025

စစ်ကောင်စီက ပြုလုပ်တဲ့ ဒုတိယကြိမ် မိုးရာသီ သစ်ပင်စိုက်ပွဲသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ်က လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် သစ်တောဝန်ထမ်း ၅ ယောက်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဖမ်းဆီးသွားတယ်လို့ သစ်တောနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၅ ရက် မနက်က ကျောက်ပန်းတောင်းမြို့ကနေ ပုပ္ပားတောင်ကို သစ်ပင်စိုက်သွားတဲ့ သစ်တောဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး၊ တောအုပ် ၂ ယောက်၊ တောခေါင်းတယောက်နဲ့ စိုက်တာဝန်ခံတယောက်၊ စုစုပေါင်း ၅ ယောက် ဖမ်းဆီးခံရတာလို့ သစ်တောနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရေဆူစခန်းမှာ သစ်ပင်စိုက်နေတဲ့အချိန် ဝင်ဖမ်းတာ။ အရပ်သားပြည်သူတွေကို မဖမ်းဘူး၊ ပြန်လွှတ်ပေးတယ်၊ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ တောအုပ်၊ တောခေါင်းတွေပဲ ဖမ်းသွားတာ၊ အခုချိန်ထိ ဘာသတင်းမှ မကြားသေးဘူး။”

ဖမ်းဆီးခံရသူတွေကတော့ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်၊ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး၊ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့ တာဝန်ခံ ဦးဝေလင်းထွန်း တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အုပ်စုကနေ ခွဲထွက်ပြီး မျက်နှာလိုချင်လို့ ပုပ္ပါးမှာ သစ်ပင်သွားစိုက်တာ။ တကယ်တမ်းဖြစ်တော့ စစ်တပ်က မကူညီဘူး၊ တော်သေးတယ် ခေါ်သွားတဲ့ ဒေသခံတွေ အဖမ်းမခံရလို့၊ အဖမ်းခံရရင် အတော်လေးရှင်းရမှာ၊ ဘယ်အဖွဲ့ကဖမ်းလဲတော့ မသိဘူး၊ အခုထိ ပြန်မလွတ်သေးပါဘူး။”

ကျောက်ပန်းတောင်းမြို့နယ်က လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော် အပါအဝင် ဝန်ထမ်း ၅ ယောက် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ခေါင်းဆောင်က မိုးရာသီ ဒုတိယကြိမ် သစ်ပင်စိုက်ပွဲကို နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး ပထမအကြိမ် သစ်ပင်စိုက်ပွဲကို ဇွန် ၂၆ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024