
တနင်္သာရီတိုင်း၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ပိုင်နက်အတွင်းမှာ တရားမဝင် သစ်ထုတ်တာနဲ့ ရွှေထုတ်တာ အကြီးအကျယ်လုပ်နေကြတယ်လို့ ဒေသခံနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ရွှေထုတ်လုပ်တာကြောင့် ရေအောက်သန္တာကျောက်တန်းတွေနဲ့ ပင်လယ်မြက်ခင်းတွေ အကြီးအကျယ် ထိခိုက်လာနိုင်ပြီး သစ်အလွန်အကျွံထုတ်တာကြောင့် တောင်ပြိုတာ၊ မြေဆီလွှာတွေ မထိန်းနိုင်ဘဲ ကမ်းခြေမှာရှိတဲ့ ဂေဟစနစ်ပါ ထိခိုက်နေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်ထဲမှာပဲ ကော့သောင်းမြို့နယ်မှာရှိတဲ့ မကြုံဂလက်ရွာ၊ အောင်ဘာရွာနဲ့ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ဝါးကျွန်းရွာ၊ ဘာလိအော်ရွာမှာ တရားမဝင်သစ်ထုတ်နေပြီး အခုနှစ် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သစ်ထုတ်တာက လက်ရှိမှာ ကြောက်ခမန်းလိလိ ထုတ်နေတာပါ။ တကျွန်းလုံးလိုလို ဖြတ်စက်(ချိန်းဆော)အသံတွေက ပဋ္ဌာန်း(ရွတ်သံ)ပမာ အဆက်မပြတ်ညံနေတယ်” လို့ ပြောပါတယ်။
လန်ပိအမျိုးသားဥယျာဉ်ပိုင်နက်က သန္တာကျွန်း (ဒေသခေါ်)ဘိုလွတ်ကျွန်းမှာ သဲစုပ်စက်ကြီးတွေနဲ့ ရွှေမျောတိုက်လုပ်ငန်းတွေကို အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ စတင်ခဲ့ပြီး စက်ဆိုင်း(ရွှေမျောတိုက်တဲ့ဖောင်) ပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို လေ့လာစောင့်ကြည့်နေသူတယောက်က “သစ်ထုတ်လုပ်မှုတွေ အလွန်အကျွံဖြစ်လာရင်လည်း တောင်ပြိုတာ၊ မြေဆီလွှာတွေမထိန်းနိုင်ဘဲ ကမ်းခြေမှာဂေဟစနစ်တခုအနေနဲ့ရှိနေတဲ့ ပင်လယ်မြက်တွေနဲ့ သန္တာကျောက်တန်းတွေကိုပါ ထိခိုက်လာမှာပါ။ ပင်လယ်မြက်နဲ့ သန္တာကျောက်တန်းတွေကို ထိခိုက်ခြင်းဟာ ရေသတ္တဝါတွေရဲ့ သားပေါက်စခန်းတွေကို ထိခိုက်စေတာနဲ့ အတူတူပါပဲ။ သားပေါက်စခန်း ပျက်စီးခြင်းဟာ မျိုးပွားကဏ္ဍကို ရပ်တန့်လိုက်သလိုပါပဲ။ နောက် တောပြုန်းတီးမှုကြောင့် တောကိုမှီခိုနေတဲ့ သားငှက်တွေရဲ့ စားကျက်ကို ဖျက်ဆီးတာဖြစ်တဲ့အတွက် သားငှက်တွေ ရွှေ့ပြောင်းသွားကြခြင်းကလည်း တောကို ထိန်းသိမ်းတဲ့ သဘာဝနည်းလမ်းဖြစ်တဲ့ ဂေဟစနစ်တွေကို ရိုက်ချိုးလိုက်သလိုပါပဲ။ လန်ပိ လို ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သဘာဝအလှတွေ ပျက်စီးခြင်းဟာ ခရီးသွားလုပ်ငန်းအပေါ်မှာလည်း များစွာ ဆုံးရှုံးစေမှာပါ” လို့ ပြောပါတယ်။
လန်ပိကျွန်းဟာ အာဆီယံအမွေအနှစ်ဥယျာဉ်စာရင်းဝင်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ မှာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။