DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင် ကြေးနီစီမံကိန်းတွင် ဒေသခံများ အလုပ်ပြန်ဝင်ရန် စစ်ကောင်စီ ဖိအားပေး
DVB
·
July 6, 2025
ဝမ်ပေါင် ကြေးနီစီမံကိန်းတွင် ဒေသခံများ အလုပ်ပြန်ဝင်ရန် စစ်ကောင်စီ ဖိအားပေး
Donate to DVB

ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ ဒေသခံတွေအလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက နည်းလမ်းစုံနဲ့ ဖိအားပေးအကြပ်ကိုင်နေပြီး ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းကတော့ လုပ်ငန်းပုံမှန်မလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒေသတွင်းစစ်ရေးပြဿနာတွေဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်၊ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီးစီမံကိန်းကိုတော့ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက အရှိန်မပျက် ဆက်လည်ပတ်နေတာပါ။

၂၀၂၁ အာဏာသိမ်းအလွန်ကာလမှာ ဒေသခံလုပ်သားတွေက လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ပေမယ့် စစ်ကောင်စီက ဧရာဝတီတိုင်းနဲ့တခြားဒေသက လုပ်သားတွေကိုခေါ်ယူပြီး လုပ်ငန်းကို ဆက်လည်ပတ်ခဲ့ပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ဒေသခံကျွမ်းကျင်လုပ်သားတွေကို လုပ်အားခ ၂ ဆ၊ ၃ ဆတိုးပေးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ စည်းရုံးတာတွေလည်းရှိခဲ့ပါတယ်။

အထွေထွေကျပ်တည်းတာတွေကြောင့် ဒေသခံတချို့ လုပ်ငန်းခွင်ပြန်ဝင်နေပေမယ့် အချိန်မရွေး ပြဿနာထဖြစ်နိုင်တဲ့ အခြေအနေကိုရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ဝမ်ပေါင် အခြေအနေကတော့ အဲဒီနားမှာတော့ ကင်းတွေတော့ အကုန်ယူထားတာပေါ့၊ သူတို့ စိုးမိုးတဲ့နေရာတွေ အကုန်လုံးကိုတော့ စစ်ကြောင်းတွေထည့်ထားတာပေါ့၊ တရုတ်က သူများပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့သာပြောတာ ပေါ်ပေါ်ထင်ထင်ပါပဲ၊ သူတို့ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်၊ သူ့အကျိုးစီးပွားတွေနဲ့ ပတ်သက်လာရင် စစ်ကောင်စီကိုပဲ ပြန်ပြီးတော့ အသက်သွင်းပေးမယ်ဆိုတဲ့ဟာကတော့ ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာတာ။ စစ်ကြောင်းတွေထိုးပြီးတော့ အလုပ်တွေဝင်ဖို့ ဖိအားပေးတယ်၊ ဘေးပတ်လည်ရွာတွေကို မီးရှို့ပြီးရှင်းထားတယ်။ ဒါမျိုးပုံစံမျိုးတွေနဲ့ စစ်တပ်ဘက်ကနေ ဖိအားပေးပြီးတော့ တဖက်ကနေပြီးတော့ အလုပ်ကိုလုပ်လာအောင်ဆိုပြီး လုပ်လာတာပေါ့”

ပြည်သူတွေကလည်း မတတ်သာတဲ့အဆုံး ဝင်လုပ်ရတယ်ဆိုပေမယ့် ပြည်သူလူထုကြားမှာ ပဋိပက္ခတွေကြီးထွားလာပြီး အဲဒီဒေသမှာ ရှုပ်ထွေးမှုတွေပို ဖြစ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဝမ်ပေါင်စီမံကိန်းမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တချို့ရောက်ရှိနေပြီး စီမံကိန်းနယ်မြေထဲမှာ လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းကတော့ အချိန် ၁ နှစ်နီးပါး ကြာတဲ့အချိန်အထိ လုပ်ငန်းပုံမှန်ပြန်မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်မှာ နှစ်နဲ့ချီဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်ရသလို စစ်ကောင်စီနဲ့ဆက်စပ်လုပ်ငန်းအားလုံးလည်း ပုံမှန်မလည်ပတ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရာသီဥတုပေါ်လည်း မူတည်သွားလာကြရသလို ကွင်းလမ်းတွေနေ ရှောင်သွားရတာကြောင့်လည် ကုန်ဈေးနှုန်းတွေ ကြီးတယ်လို့ ထီးချိုင့်က စစ်ရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ ပထမတုန်းက တဆ သာမန်ကို ၂ ဆ၊ ၃ ဆ ပေးစားရတာ။ ကြက်ဥတလုံး ဒီဘက်မှာ ၄၅၀ ဆို ဟိုဘက်မှာ ၇၀၀၊ ၈၀၀ တော့ ပေးစားရတာမျိုးရှိတာပ။ အရင်တုန်းက မန္တလေးနဲ့ ထီးချိုင့်ကိုဆိုရင် ၂၅၀၀၀၊ ၃၀၀၀၀ ပဲပေးရတာ။ အခုဆို ၈ သောင်း၊ တသိန်း အဲဒီလောက် ပေးရတယ်။ အခုဆိုလို့ရှိရင် အရင်ကလောက်တော့ ဘယ်ဟာမှ မလွယ်တော့ဘူးပေါ့။ နီးနီးနားနား ကိုယ့်မြို့မှာဆိုရင်တော့ ဒီအတိုင်းလေး ခြေကျင်လျှောက်ပြီးတော့ သွားဝယ်လို့ရပေမယ့် အခုက ဆိုင်ကယ်ပါမှ။ ဒီမှာက ဈေးမရှိဘူးလေ။ ကျနော်တို့အနေနဲ့ဆိုရင် ရွာထဲကိုသွားဝယ်ရတာ။ ကျနော်တို့က တောထဲမှာနေတာဆိုတော့လေ။ ကျန်းမာရေးကတော့ အခက်အခဲကရှိတာပ”

မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေနဲ့ပတ်သက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေလက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြုကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၁ ခုထဲက ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး ရှမ်းမြောက်နဲ့ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုအထိ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေကထိန်းချုပ်ထားတယ်လို့ ISP မြန်မာ ရဲ့ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013