DVB Logo
Home
မြန်မာသတင်း
PDF နှင့် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲတွင် ပူးပေါင်းကြရန် စစ်ကောင်စီ ထပ်မံဖိတ်ခေါ်
DVB
·
July 6, 2025
PDF နှင့် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲတွင် ပူးပေါင်းကြရန် စစ်ကောင်စီ ထပ်မံဖိတ်ခေါ်
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ လမ်းကြောင်းမှာ ပူးပေါင်းပါဝင်ကြဖို့ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက် ဆိုပြီး ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို မဲမသမာမှုတွေနဲ့ နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးပမ်းမှုတွေကို ဖုံးကွယ်ပြီး နိုင်ငံတော်အာဏာကို မတရားရယူလိုတဲ့အတွက် ရွေးကောက်ခံ အစိုးအရအဖြစ် ပုံဖော်ခဲ့တယ်လို့ စွပ်စွဲ ရေးသားထားပါတယ်။

ဒါ့အပြင် CRPH နဲ့ NUG တို့ရဲ့ ဝါဒဖြန့်မှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ PDF အဖွဲ့တွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ဟာ တူညီတဲ့ ရည်မှန်းချက်ဖြစ်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဆီ လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် ဒီလို အခြေအနေမျိုးမှာ လက်နက်ကိုင်လမ်းစဉ်က ဒီမိုကရေစီ နောက်ပြန်သွားနေသလိုပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးတွေဟာ ရွေးကောက်ပွဲပြီးတဲ့နောက် ပေါ်ထွက်လာမယ့် လွှတ်တော်၊ အစိုးရတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရမယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

ဒါ့ကြောင့် PDF နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး အစိုးရ၊ တပ်မတော်နဲ့ လက်တွဲကာ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးဖော်ဆောင်မယ်ဆိုပါက အစိုးရနဲ့ တပ်မတော်က ကြိုဆိုလက်ခံမှာ ဖြစ်တဲ့အတွက် ဆန္ဒရှိပါက ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်တယ်လို့ ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကို ထူထောင်မယ်လို့ ဒီထုတ်ပြန်ချက်မှာ ပါရှိပေမဲ့ ဇွန် ၂၅ ရက် နေပြည်တော်ငြိမ်းချမ်းရေး ဖိုရမ်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကျင့်သုံးမယ်၊ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဆီကနေ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  စစ်တပ်က အာဏာသိမ်းယူခဲ့တာပါ။

ဒီလို မတရား အာဏာသိမ်းယူမှုကြောင့် နိုင်ငံအနှံ့ သန်းနဲ့ချီတဲ့ပြည်သူ လူထုတွေက ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပေမဲ့ စစ်တပ်က အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးခဲ့တဲ့အတွက်  လက်နက်ကိုင်ခုခံတိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)  ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013