
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို စစ်တပ်က ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတချို့ ဒဏ်ရာရသွားပါတယ်။
တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်တိုက်လေယာဉ်က နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ လာရောက်ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဘာတိုက်ပွဲမှမရှိဘူး။ စစ်တပ်က ထင်ရာလုပ်နေတယ်။ အခုလည်း လေယာဉ်နဲ့ဗုံးကြဲလို့ လူနေအိမ်တွေ ပျက်စီးသလို ပြည်သူအမျိုးသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်ဗျ” လို့ ပြောပါတယ်။
ဇရပ်ကွင်းကျေးရွာဟာ မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတချို့ သေဆုံးခဲ့ပါသေးတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေး ခေါင်းဆောင် ရဲဘော်သံမဏိက “ရွာက ရွာကြီးဗျ။ ကြဲချသွားတဲ့ နေရာက ရွာအစွန်ကိုချသွားလို့ အထိအခိုက်အသေဆုံး သက်သာရာရသွားရတာပါ။ တိုက်ပွဲကမဖြစ်ပါဘူး။ ဘာသတင်းရလို့ လာပစ်တယ် ဆိုတာကတော့ ကာယကံရှင်တွေပဲ သိလိမ့်မယ် ထင်တယ်ဗျ။ ကျနော်တို့ကတော့ ဒဏ်ရာရတဲ့ပြည်သူတွေကို ဆေကုသမှု ပေးထားခဲ့ပါပြီ” လို့ ပြောပါတယ်။
ဇရပ်ကွင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့မှာ သိမ်းပိုက်ပြီး လကုန်ပိုင်းမှာ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ခဲ့တာပါ။
စစ်ကောင်စီဟာ ဇွန်လနဲ့ ဇူလိုင်အတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့မြို့နယ်က ကျေးရွာတွေကို နေ့တိုင်းလိုလို လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။