DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင် တော်လှန်ရေးတပ်တွင်း ကြံ့ကြံ့ခံရပ်နေသည့် အမျိုးသမီးများ
DVB
·
July 5, 2025
ရှမ်းတောင် တော်လှန်ရေးတပ်တွင်း ကြံ့ကြံ့ခံရပ်နေသည့် အမျိုးသမီးများ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ တော်လှန်နေကြတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ အရင်က တားရော့ဗေဒင်ပညာရှင်တယောက်ဖြစ်ခဲ့တဲ့ မစန္ဒီကတော့ စစ်ကောင်စီကို ဆန့်ကျင်ဖို့ မြို့ပေါ်မှာမြို့ပြပြောက်ကျားအနေနဲ့ပါဝင်ခဲ့ပြီး နေအိမ်ချိတ်ပိတ်ခံရပြီးနောက် ရှမ်းတောင်ကာကွယ်ရေးတပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

အသက် ၃၈ နှစ်အရွယ် မစန္ဒီက ခုလက်ရှိမှာ Urban Task Force -Aung Ban ရဲ့ ဘဏ္ဍာရေးပိုင်းတာဝန်ယူထားပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေသလို သူတတ်မြောက်တဲ့ တားရော့ဟောတာနဲ့လည်း တော်လှန်ရေးအတွက် ကူညီပံ့ပိုးနေတာပါ။

မစန္ဒီက “မြို့ပေါ်မှာနေတဲ့အချိန်တုန်းက ငွေကြေး ရှာဖွေစားသောက်ပြီး ပရဟိတလုပ်ရင်း နေနေတဲ့ အနေအထားမျိုးကနေပြီးတော့ တောတောင်ထဲ ရောက်လာတယ်။ ရောက်လာပြီး လူ ဆယ်ချီ ရာချီအတွက် ဘဏ္ဍာငွေရှာဖွေရတဲ့ အနေအထားဖြစ်သွားတာပေါ့။ အဲ့ကျတော့ ဖိအား အရမ်းများသွားတယ်။ ဆန်တွေမရှိတော့ဘူး၊ ရိက္ခာတွေကုန်ပြီ၊ လက်နက်ဖိုးကဘယ်လောက်လဲ၊ ကျည်ဖိုးတွေ ဘယ်လောက်လိုနေပြီ ပြောလာလို့ရှိရင် ကိုယ်က တယောက်တည်းရှာရတော့ အများကြီး မဖြည့်ဆည်းပေးနိုင်ဘူးပေါ့နော်။ အဲ့ချိန်ဆို စိတ်ထဲမှာ တအား စိတ်ပင်ပန်းတယ်။ ဝမ်းလည်းနည်းတယ်။ ငါရဲ့လုပ်နိုင်စွမ်းက ဒီလောက်ပဲရှိလို့ ကလေးတွေကို မရှာပေးနိုင်ဘူး၊ မဖြည့်ဆည်းပေးနိုင်ဘူး၊ ကလေးတွေက မျက်နှာငယ်ရတယ်ဆိုတဲ့ စိတ်မျိုးခံစားရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးနယ်မြေထဲမှာ အခက်အခဲတွေ ကြုံတွေ့ရပေမဲ့ ယုံကြည်ရသူတွေရဲ့ အားပေးစကားတွေ ကူညီထောက်ပံ့မှုတွေနဲ့အတူ အားတင်းရှေ့ဆက်ပြီး နေ့ရက်တွေကို ဖြတ်သန်းရင်း စစ်ရှောင်တွေကို ကူညီဖို့လည်း လုပ်ဆောင်နေတယ်လို့ မစန္ဒီက ပြောပါတယ်။

“တော်လှန်ရေးလည်း လုပ်ဆောင်နေတဲ့အပြင် တခြားဘာလုပ်ရမလဲဆိုတာ လိုက်ရှာတဲ့ခါ စစ်ရှောင်တွေကို ကူနိုင်မယ့်ကဏ္ဍကို တွေ့တယ်။ စစ်ရှောင်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေ ထောက်ပံ့ပေးနိုင်ဖို့ကို ရည်ရွယ်ပြီး မြို့ပေါ်မှာလုပ်တဲ့ ကျမရဲ့ ပညာရပ်တခုဖြစ်တဲ့ တားရော့တွက်ပြီး ရတဲ့အလှူငွေနဲ့ စစ်ရှောင်တွေကို စတင်ပြီး လှူပေးဖြစ်ခဲ့တယ်။ ကူပြီးတဲ့နောက်မှာ ဒိုနာတွေ ရရှိလာတယ်။ အဲ့နောက်မှာ စစ်ရှောင်တွေကိုရော တော်လှန်ရေးလုပ်ငန်းတွေရော ဆက်လက်လုပ်ဆောင်တယ်ပေါ့။"

နောက်ထပ်အမျိုးသမီးတယောက်ကတော့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ကို ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ရှမ်းတောင်အထူးတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 တည်ထောင်သူ မနီက “တပ်ထဲမှာတော့ အမျိုးသမီးတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့အခက်အခဲတွေ ရှိလို့ရှိရင် ဘာတွေခက်ခဲခက်ခဲ ဘယ်လိုပဲဖြစ်ဖြစ် ပြေလည်အောင် ဖြေရှင်းပေးတယ်။ မိခင်နေရာကနေ သူတို့ကိုကြည့်ပြီး ဖြေရှင်းပေးတယ်။ မိခင်တယောက်က ကိုယ့်သားသမီးကို ဘယ်နေရာမှာ ဘာတွေလိုအပ်နေလဲ၊ သူတို့ရဲ့စိတ်တွေ ဘာဖြစ်နေလဲဆိုတာ သိတယ်ပေါ့နော်။ ရဲဘော် ရဲမေလေးတွေမှာ စိတ်ဓာတ်ကျစရာတွေ ရှိတယ်ပေါ့။ စိတ်ဓာတ်ကျတဲ့အချိန်မှာ နွေးနွေးထွေးထွေးနေပေးတယ်။ အားပေးစကား စိတ်ခွန်အားဖြစ်စေမယ့် စကားတွေပြောတယ်။ ပြီးရင် အားလုံးဝိုင်းဖွဲ့ပြီး ဂစ်တာတီး သီချင်းဆိုတာတွေ လုပ်ပေးတာပေါ့နော်” လို့ ပြောပါတယ်။

တပ်ရင်းက ရဲဘော် ရဲမေတွေအတွက် အသုံးအဆောင်တွေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေအတွက် ဆပ်ပြာထုတ်ကုန်တွေ၊ အသားငါး အကြော်အလှော်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပြီး တပ်ဖွဲ့အသုံးစရိတ်အတွက် ဖြည့်တင်းပေးတာတွေလည်း ရှိပါတယ်။

အမျိုးသမီးသမီးဖြစ်တဲ့အတွက် ကြုံတွေ့ရတဲ့ စိန်ခေါ်မှု ပြောဆိုခံရမှုတချို့ကို ခံစားချက်အပေါ်မလိုက်ဘဲ ခံယူချက်နဲ့ပဲ ရှေ့ဆက်နေတယ်လို့ မနီက ပြောပါတယ်။

“စိန်ခေါ်မှုတွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အဲ့စိန်ခေါ်မှုတွေအပေါ်မှာ ကျမကလိုက်ပြီး ခံစားနေလို့မရဘူး။ အလုပ်လုပ်တာက ခံယူချက်နဲ့လုပ်တာဖြစ်တယ်။ ခံစားချက်နဲ့ လုပ်တာမဟုတ်ဘူး။ အဲ့တော့ ​ ခံယူချက်နောက်ကိုပဲလိုက်တယ်။ ကျမရဲ့ ဆရာက ဘာလဲဆိုရင် အချိန်ပါပဲ။ ဘယ်သူက ဘာလုပ်နိုင်တယ်၊ ဘယ်သူက ဘာဖြစ်တယ်ပြောတာတွေမှာ ကျမက ခံယူချက်နောက်ကိုပဲ လိုက်တာဖြစ်လို့ သူများပြောတဲ့ဟာတွေမှာ ခံစားချက်တွေကို ရှေ့တန်းမတင်ထားပါဘူး။ အခုတိုက်နေတာက ဖက်ဒရယ်ဒီမိုကရေစီကို ရချင်တဲ့အတွက် အာဏာရှင်စနစ်ကို တိုက်ထုတ်နေတာဖြစ်တယ်။ အဲစနစ်ကို ရအောင်သွားမယ် မည်သည့်စိန်ခေါ်ချက်ကိုမဆို ကျမတို့က မမှုဘဲနဲ့ ကျော်လွှားမယ်လို့ပဲ တွက်ထားတယ်။”

အာဏာရှင်စနစ်ကို မုန်းပြီး ဒီမိုကရေစီစနစ်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတမှုကို လိုလားတာကြောင့် အမျိုးသမီးတွေဟာလည်း ရရာအခန်းကဏ္ဍတွေကနေပါဝင်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။

တော်လှန်ရေးမှာ အမျိုးသမီးတွေက ဆေးတပ်ဖွဲ့ပိုင်း၊ ဘဏ္ဍာရှာဖွေရေး၊ ရုံးပိုင်း၊ တိုက်ခိုက်ရေးပိုင်း၊ ထောက်ပို့ပိုင်း၊ ပညာရေးပိုင်း၊ စစ်ရှောင်အရေးတို့မှာပါဝင်နေပြီး စစ်ကောင်စီတပ်ရဲ့ အာဏာရှင်စနစ်ကို တော်လှန်နေကြသူတွေအများအပြားရှိနေပါတယ်။ 

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013