ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်/ကယား(ကရင်နီ)စစ်တိုင်း၊ ဒီးမော့ဆို အမှတ် ၁၁၀၂ တပ်ရင်းမှာ စစ်ထောက်လှမ်းရေးအနေနဲ့ တာဝန်ယူခဲ့တဲ့ ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်းဟာ ဇွန် ၂၄ ရက်နေ့မှာ စစ်ကောင်စီကိုတော်လှန်ရင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမှတ် ၁၁၀၇ တပ်ရင်းမှာ တပ်ခွဲမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဒေးဗစ် စနေအောင်ဟာ ဇွန် ၂၃ ရက်နေ့က မိုးဗြဲရှေ့တန်းမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။






အမှတ် ၁၁၀၇ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “ရှေ့တန်းမှာပဲ ကျသွားတယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက်၊ ဖယ်ခုံတပ်ကနေရော၊ လွိုင်ကော်တပ်ကနေရော၊ မိုးဗြဲ ၄၂၂ တပ်ကနေရော ပစ်ကူနေတယ်။ နေ့စဉ်နေ့တိုင်း အနီးကပ် တိုက်ပွဲဖြစ်တာရှိတယ်” လို့ ပြောပါတယ်။
ကျရာတာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီတပ်ကိုတော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲကိုပြန်လည်စိုးမိုးနိုင်ဖို့အတွက် မြေပြင်ကနေအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ထိတွေ့တိုက်ပွဲတွေလည်း ဆက်တိုက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး မိုးဗြဲကို စစ်ကြောင်းထိုးဝင်ရောက်လို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဟာ ဒီနေ့အချိန်ထိဖြစ်နေတာကြောင့် ၈ လနီးပါးရှိနေပြီဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်အထိအခိုက်အကျအဆုံးတွေလည်းရှိနေပေမယ့် အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။