
မြန်မာ-ထိုင်းနယ်စပ်၊ ထီးထနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထီးခီးနယ်စပ်ကုန်သွားရေးစခန်းတို့မှာ စစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီးနောက် ထီးထ(ခေါ်) မယ်သမီးထာမှာ ပြန်လည်နေထိုင်သူတွေ မြေနဲ့ အိမ်ရာ လျှောက်ထားနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်၊ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နဲ့ ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၉ ရက်မှာ ထီးထစခန်းနဲ့ မေ ၉ ရက်မှာ ထီးခီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ထီးထ(ခေါ်)မယ်သမီးထာဒေသမှာ စစ်ကောင်စီစခန်းတွေ ကင်းစင်ပြီးတဲ့နောက် ၁၉၉၇ ခုနစ်ကတည်းက ဒီဒေသမှာ နေထိုင်သူတွေအနေနဲ့ ပြန်လည်နေထိုင်လိုပါက မြေ၊ အိမ်ရာ လျှောက်ထားမှုတွေ လာရောက်အကြောင်းကြားနိုင်ကြောင်း KNU၊ တပ်မဟာ (၄) က ဇွန် ၂၉ မှာ ထုတ်ပြန်လိုက်တာပါ။
KNU မြိတ်ထားဝယ်၊ အတွင်းရေးမှူး ပဒိုစောအယ်နားက “ထီးထ(မယ်သမီးထာ)က အရင်က မြိတ်ထားဝယ်ခရိုင်ရဲ့ တပ်မဟာ ၄ ဌာနချုပ်ဖြစ်တယ်။ အဲဒီကမိသားစုတွေရှိတယ်။ ပြီးတော့ကျောင်းရှိတယ်။ ဆေးရုံရှိတယ်။ ထီးထမှာနေတဲ့သူတွေ သူအိမ်သူမြေကို ပြန်လည်တင်ပြလို့ရကြောင်း ကျနော်တို့ဘက်က ကြေညာထားတာရှိတယ်”လို့ ပြောပါတယ်။
မယ်သမီးထာမှာ ပြန်လည်နေထိုင်သူတွေအနေနဲ့ မြေ၊ အိမ်ယာလျှောက်ထားမှုကို KNU တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် လယ်ယာစိုက်ပျိုးရေးနဲ့ ထီးထ၊ ထီးခီး မြေယာကော်မတီဆီ အကြောင်းကြားဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်ပကိုရောက်ရှိနေတဲ့ မူလမြေပိုင်ရှင်တွေအနေနဲ့ မယ်သမီးထာရွာမှာ ပြန်လည်နေထိုင်လိုခြင်းမရှိပါက KNU ရဲ့ သက်ဆိုင်ရာဌာနတွေဆီ တင်ပြပြီးမှ နီးစပ်ရာ ဆွေမျိုးနဲ့ မိတ်ဆွေတွေဆီ ပေးဝေနိုင်ကြောင်း KNUထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထ(ခေါ်)မယ်သမီးထာကို မြန်မာစစ်တပ်က ၁၉၉၇ ခုနစ်မှာ စတင်ဝင်ရောက်တပ်စွဲခဲ့တာ ဖြစ်ပါတယ်။