Home
မြန်မာသတင်း
ထူးကြီးမြို့တွင် စစ်မှုထမ်းထောက်ပံ့ငွေ လာဘ်စားသည့် အုပ်ချုပ်​ရေးမှူး စစ်ဆေးခံရ
DVB
·
July 5, 2025
Photo: Kyaw Kyaw

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့က အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းထောက်ပံ့ငွေ လာဘ်စားတဲ့ကိစ္စနဲ့ စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထူးကြီးမြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမြင့်က စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၁၁ အထိ လာဘ်စားတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ဇွန် ၂၈ ရက်မှာ စတင်စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဒေသခံ အရပ်သားတယောက်က “စစ်မှုထမ်းငွေကိစ္စနဲ့ အတိုင်ခံရလို့ စစ်ဆေးခံနေရတာ။ ငွေအမောင့် ဘယ်လောက်ဆိုတာ မသိဘူး။ အပတ်စဉ် ၁ ကနေ ၁၁ အထိ ငွေအလွဲသုံးစား လုပ်ထားတယ် ဆိုပြီး တိုင်လို့ စစ်ဆေးနေတာ” လို့ ပြောပါတယ်။

စစ်မှုထမ်းထောက်ပံ့ငွေ လာဘ်စားတဲ့ကိစ္စနဲ့ အုပ်ချုပ်ရေးမှူး စိုးမြင့် စစ်ဆေးခံနေရတဲ့အတွက် ဇွန် ၁ ရက်နေ့မှာ စစ်မှုထမ်းမဲနှိုက်တဲ့ လုပ်ငန်းစဉ်တွေလည်း ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက  “ရပ်ရွာက စုတိုင်တာကြောင့် စစ်ဆေးနေတာပါ။ ဗိုလ်မှူးတွေပါတဲ့ စစ်ဆေးတဲ့အဖွဲ့က စစ်ဆေးနေတာလို့ သိရတယ်။ ဒီဘက်မှာတော့ စစ်မှုထမ်းကိစ္စနဲ့ အခုလို စစ်ဆေးတဲ့အထိ ဖြစ်လာတာ ပထမဦးဆုံးပါပဲ။ လာဘ်စားမှုက ပေါ်ပေါက်နေတယ်” လို့ ပြောပါတယ်။

ထူးကြီးမြို့မှာ အမှတ် ၁ ရပ်ကွက် အုပ်မှူးချုပ်ရေးမှူး ရာဇာထွန်း ဆိုသူမှာလည်း စစ်မှုထမ်းတွေကို ထောက်ပံ့ကြေး ဆိုပြီး ဇွန် ၃၀ ရက်က စတင်ကာ တအိမ် ကျပ် ၅၀,၀၀၀ အထိ ကောက်ယူနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024