
ဒေါ်နယ်ထရမ့်ပ်ရဲ့ Big Beautiful Bill လို့ ထင်ရှားတဲ့ အခွန်နဲ့ ဘတ်ဂျက် ကိုက်ညှိမှု ဥပဒေကြမ်းကို ဇွန် ၃ ရက်က အောက်လွှတ်တော်မှာလည်း ထပ်မံအတည်ပြုလိုက်ပါတယ်။
ဒါကြောင့် ဇူလိုင် ၄ ရက် (မြန်မာစံတော်ချိန်အရ ၅ ရက်နေ့ မနက်ပိုင်း) မှာ ထရမ့်ပ်က လက်မှတ်ရေးထိုးတာနဲ့ အတည်ဖြစ်တော့မှာ ဖြစ်ပါတယ်။
ကော်ပိုရေးရှင်းကြီးတွေနဲ့ တယောက်ချင်းစီအတွက် အခွန်တွေလျှော့ချပေးမှုဟာ စီးပွားရေးတိုးတက်အောင် လှုံ့ဆော်ပေးတယ်လို့ ထရမ့်ပ်က ကြွေးကြော်ခဲ့ပေမဲ့ ကျွမ်းကျင်သူတွေကတော့ အမေရိကန်လူချမ်းသာတွေပဲ အများဆုံးအကျိုးရှိမှာလို့ သုံးသပ်ကြပါတယ်။
ဒါ့အပြင် ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အထောက်အပံ့ လျှော့ချဖြတ်တောက်မှုတွေကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးမှာဖြစ်ပါတယ်။
အခွန်အကြီးအကျယ် လျှော့ချပေးတဲ့အတွက် အစိုးရဝင်ငွေ ကျဆင်းတာအပြင် စစ်ရေးနဲ့ နယ်စပ်လုံခြုံရေးမှာ ဘတ်ဂျက်တိုးမြှင့်သုံးစွဲမှုတွေ ပါဝင်တဲ့အတွက် အစိုးရကြွေးမြီ ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။
Big Beautiful Bill မှာ ထရမ့်ပ် ပထမသက်တမ်းတုန်းက လက်မှတ်ထိုးခဲ့တဲ့ အခွန်လျှော့ချရေးနဲ့ အလုပ်အကိုင် အက်ဥပဒေကို သက်တမ်းတိုးတဲ့အချက် ပါဝင်ပါတယ်။
လွှတ်တော်ဘတ်ဂျက်ရုံးရဲ့ တွက်ချက်မှုအရတော့ ဒီဥပဒေကြမ်းကြောင့် လာမယ့် ၁၀ နှစ်အတွင်း နိုင်ငံကြွေးမြီ ၃၆ ဒသမ ၂ ထရီလီယံမှာ နောက်ထပ် ၃ ဒသမ ၄ ထရီလီယံ ပေါင်းထည့်ရာရောက်မှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီတွက်ချက်မှုကို ငြင်းထားပါတယ်။
လာမယ့် ၁၀ နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပံ့ပိုးမှု Medicaid အထောက်အပံ့တွေ လျှော့ချမှုကနေ ဒေါ်လာ ၉၃၀ ဘီလီယံ၊ စိမ်းလန်းစွမ်းအင်စီမံကိန်းတွေ ပယ်ဖျက်လိုက်တာကြောင့် ဒေါ်လာ ၄၈၈ ဘီလီယံ၊ အစားအသောက်ထောက်ပံ့မှု ခံစားခွင့်တွေ ဖြတ်တောက်လိုက်တာကြောင့် ဒေါ်လာ ၂၈၇ ဘီလီယံ သက်သာမယ်လို့ ခန့်မှန်းပါတယ်။
ဒါပေမဲ့ အခွန် လျှော့ချဖြတ်တောက်မှုတွေကြောင့် အစိုးရဝင်ငွေ ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံလောက် လျော့ကျဖို့ရှိသလို ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၅၀ ဘီလီယံ၊ နယ်စပ်လုံခြုံရေး ဒေါ်လာ ၁၂၉ ဘီလီယံ တိုးသုံးမှာဖြစ်တဲ့အတွက် လိုငွေပြမှု ပိုများလာမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို မဲခွဲရာမှာ ၁ ရက်နေ့တုန်းက အထက်လွှတ်တော်မှာ မဲ ၅၀-၅၀ နဲ့ မဲညီနေလို့ ဥပဒေအရ အထက်လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်က အဆုံးအဖြတ်မဲပေးပြီး အတည်ပြုခဲ့ပါတယ်။
၃ ရက်နေ့ ညနေပိုင်း အောက်လွှတ်တော်မှာ ၂၁၈ မဲ - ၂၁၄ မဲနဲ့ ထပ်မံအတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ထရမ့်ပ် မျှော်လင့်ထားသလို ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့အမီ ဒီဥပဒေကို လက်မှတ်ထိုးနိုင်တာ ဖြစ်ပါတယ်။
Source: Reuters