DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ဆရာ၊ ဆရာမများ ကျူရှင်သင်ပါက NUG ပညာရေးဌာနက အရေးယူမည်
DVB
·
July 3, 2025
ဂန့်ဂေါတွင် ဆရာ၊ ဆရာမများ ကျူရှင်သင်ပါက NUG ပညာရေးဌာနက အရေးယူမည်
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ကျူရှင်စနစ် ပပျောက်ရေးအတွက် ကျူရှင်ပြသတာ မပြုလုပ်ဖို့ ဆရာ၊ ဆရာမတွေကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းထားပြီး ကျူရှင်သင်ကြားပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကျူရှင်ပြသတာ မပြုလုပ်ဖို့ ဆရာ၊ ဆရာမတွေကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းထားတယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကြားကာလ ပညာရေးမူဝါဒနဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပြည်သူ့အခြေပြုကျောင်း မူဝါဒ ၁၁ ချက်အရ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ကျူရှင်သင်ကြားခြင်းကို တားမြစ်ထားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ အနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒနဲ့အညီ ပညာရေး ယန္တရားကို မြေပြင်မှာ CDM၊ စေတနာ့ဝန်ထမ်း ဆရာ ဆရာမတွေနဲ့ ဖော်ဆောင်ခဲ့တာ စတုတ္ထ ပညာသင်ကာလ ပြီးဆုံးတဲ့အထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ  ပဉ္စမပညာသင်ကာလ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနဲ့ ကလေးတွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ပညာရေး အုပ်စုအလိုက် လုံခြုံရေးစီမံချက်တွေ ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာငြိမ်းသူရက “စီးပွားရေးဆန်လာတယ်၊ စေတနာနဲ့ လုပ်နေတဲ့ ဆရာ၊ ဆရာမတွေမှာ ဒီငွေရေးကြေးရေးနောက်ကို လိုက်လာတယ်။ အဲ့တော့ ဘာဖြစ်လာလဲ၊ ကျောင်းသူ ကျောင်းသားတွေမှာ တန်းတူညီမျှမှု မရှိတော့ဘူး။ ပိုက်ဆံရှိတဲ့သူက ကျူရှင်ယူနိုင်တယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲ့တော့ ကျနော်တို့က ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့လည်း မညီဘူး။ ကျောင်းသူ ကျောင်းသားတွေမှာ စားဝတ်နေရေး အခက်အခဲတွေ မီးဘေးသင့်နေတယ်၊ စစ်ဘေးရှောင်နေရတယ်။ အဲလို ကျောင်းသူ ကျောင်းသားတွေရဲ့ ပိုက်ဆံကို ယူပြီးတော့မှ အသပြာဆရာတွေ လုပ်နေတဲ့အတွက်  ကျနော်တို့ ကျူရှင်ကို တားမြစ်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ကြားကာလ ပညာသင်ကျောင်းတွေဟာ ပြည်သူကို အခြေပြုပြီး သင်ကြားနေရတဲ့ကျောင်းတွေ ဖြစ်တဲ့အတွက် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေက မိဘတွေ စုပေါင်းထည့်ဝင်တဲ့ ငွေနဲ့ ငွေကျပ် သောင်းဂဏန်းဝန်းကျင်သာ ရရှိကြတယ်လို့ ဆိုပါတယ်။

ကျူရှင်သင်ကြားတဲ့ ဆရာ၊ ဆရာမတွေက ငွေကြေးချောင်လည်ကြပြီး ကျူရှင်မတတ်နိုင်တဲ့ ကလေးတွေက ပညာရေးမှာ မညီမျှမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတယောက်က “ကျောင်းလခကတော့ ပေးရတယ်၊ အတန်းအလိုက် သတ်မှတ်ပြီးခါမှ၊ ၉ တန်း၊ ၁၀ တန်း၊ ၁၂ တန်း၊ အဲ့သည်ဟာတွေက တလကို ၁၀,၀၀၀ ပေးရတယ်။ ၉ တန်းရဲ့ အောက်ကို အလယ်တန်း အဲဒါတွေကျတော့ ၇,၀၀၀ နှုန်း၊ မူလတန်းတွေကျတော့ ၅,၀၀၀ နှုန်း အဲသလို ပေးကြရတယ်။ ဆရာမတွေက သူတို့တွေလည်း ပြေလည်ကြတာ မဟုတ်ဘူးလေ။ တခြားဝင်ငွေက မရှိကြတော့ စားဝတ်နေရေးတွေ ရှိကြသေးတာလေ” လို့ ပြောပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့ အနေနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံကာ ကျူရှင်မထားကြဖို့နဲ့ ကျူရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို ပညာရေးဟောပြောပွဲ လုပ်ခဲ့တယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။

ပညာရေးစနစ် အပြောင်းအလဲမှာ ပါဝင်ပြောင်းလဲလိုတဲ့အတွက် အစိုးရက ညွှန်ကြားတဲ့အတိုင်း သားသမီးတွေကို ကျူရှင်မထားတော့ကြောင်း ကျောင်းသားမိဘတယောက်က ပြောပါတယ်။

“ပညာရေးစနစ်ကြီးက သွားခဲ့တဲ့ဟာကို ကြည့်လိုက်တော့ ကိုယ်ကိုယ်တိုင်လည်း ဘွဲ့ရတယောက် ဖြစ်ပေမဲ့ ဘာမှ ပေါက်ပေါက်မြောက်မြောက်မသိဘူး၊ မတတ်ဘူး။ ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံအနေနဲ့ ကျူရှင်စနစ်နဲ့ သွားခဲ့ရမှာဆိုရင် ပညာရှင်တွေ မွေးထုတ်မပေးနိုင်ခဲ့ဘူး ဆိုတာကို နားလည်တာပေါ့နော်။ အပြောင်းအလဲလုပ်တဲ့အခါမှာ ကျမတို့က အားတက်သရော ပညာရေးရဲ့ အပြောင်းအလဲတခု ဖြစ်မလား ဆိုပြီးတော့ ကျမကတော့ အစိုးရက ကျူရှင်မသင်နဲ့ဆို စနစ်တခု ပြောင်းလဲတဲ့အချိန်မှာ ပူးပေါင်းပါဝင်လိုတဲ့အတွက် သားသမီးတွေကို ကျူရှင်လုံးဝမထားပါဘူးရှင်။”

ဂန့်ဂေါမြို့နယ်မှာ မူလတန်းကနေ အထက်တန်းအထိ ကြားကာလ ပညာသင်ကျောင်းပေါင်း ၉၈ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူ ၁၀,၀၀၀ နီးပါးကို  ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013