DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ စစ်ရှောင်များ  စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
DVB
·
March 29, 2025
ဂန့်ဂေါ စစ်ရှောင်များ  စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲဖွင့်လှစ်ထားတဲ့ ပြည်သူ့မေတ္တာစစ်ရှောင်စခန်းမှာ ဂန့်ဂေါဘက်က စစ်ရှောင်တွေ ရောက်ရှိနေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအတွက် စားနပ်ရိက္ခာအကူအညီနဲ့  ရေရှည်ရပ်တည်နိုင်ရေးအတွက် အထောက်အပံ့တွေ လိုအပ်နေကြပါတယ်။

ပြည်သူ့မေတ္တာစစ်ရှောင်စခန်းမှာ မကွေးတိုင်း၊ ဂန့်ဂေါနယ်ဘက်က စစ်ရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ နီးပါး စစ်ရှောင်ခိုလှုံနေကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက ဂန့်ဂေါမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ- ကပစ ၂၃ အနီး ကန့်သစ်ရွာကနေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်ပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ ရေသန့်ရရှိဖို့အတွက် အလှူရှင်တွေ ရှာဖွေနေကြောင်း စစ်ရှောင်ကူညီနေသူ ကိုခန့်က DVB ကို ပြောပါတယ်။

“အဲဒီစခန်းက ကျနော်တို့ ပုလဲမြို့နယ်ထဲမှာရှိတာပေါ့။ မကွေး ဂန့်ဂေါမြို့နယ် ကပစ ၂၃ ကနေ ထွက်ပြေးလာတဲ့ စစ်ပြေးရှောင်တွေဖြစ်တာပေါ့နော်။ အဓိက ကတော့ အဝတ်အထည်တွေ၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုမယ်။ လောလောဆယ် ရေကတော့ စိမ့်စမ်းရေတွေ သောက်နေရတာပေါ့၊ စိမ့်စမ်းရေဆိုတာလည်း မသန့်ရှင်းတဲ့ရေတွေပေါ့။ စစ်ဘေးရှောင်တွေကို ရေသန့်တွေ တိုက်နိုင်အောင် ကျနော်တို့ အလှူရှင်တွေ ရှာပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ အဲတာကတော့ တောင်ကျရေတွေကို သွယ်တန်းပြီး ပိုက်လိုင်းတွေနဲ့ စစ်ရှောင်စခန်းထိ ရောက်အောင် ရေသန့်ရရှိအောင် ဆောင်ရွက်ပေးဖို့တော့ရှိပါတယ်။

လာမယ့် ဩဂုတ် ၂၅ ရက်ဆို ဂန့်ဂေါစစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိတာ ၃ နှစ်ပြည့်မှာလည်းဖြစ်ပါတယ်။ 

လက်ရှိ စစ်ရှောင်စခန်းမှာ လူကြီး လူငယ်တွေအပြင် အမျိုးသမီးနဲ့ ကလေးတွလည်း နေထိုင်ကြတာဖြစ်လို့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း လိုအပ်ကြောင်း ကန့်သစ်ကျေးရွာမှ စစ်ရှောင် ဦးမျိုးနိုင်က ပြောပါတယ်။

“အကူအညီကတော့ ဆန်၊ ဆီ၊ ဆား၊ ငါးပိပါ။ နောက်ပြီး ဆေးဝါးလေးတွေ လိုအပ်တာပေါ့။ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသမီးသုံးပစ္စည်းလေးတွေ၊ ဆောင်းရာသီဆိုလည်း အနွေးထည်လေးတွေပေါ့။ စစ်ကိုင်းဘက်က တာဝန်ကျေတယ်၊ ကိုယ့်ဘက်ကပဲ တာဝန်မကျေတာပါ။ တော်လှန်ရေးပြီးရင်တော့ ပြန်ရမှာပေါ့။”

စစ်ရှောင်စခန်းအနီးပတ်ဝန်းကျင်မှာ ကိုယ်ထူကိုယ်ထ ကြက်သွန်နဲ့ ပဲပြောင်းသီးနှံတွေကို စိုက်ပျိုးထားပြီး စားသောက်ရေးအတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းမှာ နေထိုင်ကြသူတွေ အများစုက ဂန့်ဂေါရက်ကန်းလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြသူတွေ ဖြစ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်အောင် ရက်ကန်းစင်တွေ ဆောက်လုပ်ပေးသွားမယ်လို့ ပြည်သူ့မေတ္တာ စစ်ရှောင်စခန်း တာဝန်ခံ ကိုသူရက ပြောပါတယ်။

“မိသားစုလိုက် လာတဲ့အတွက် ကျနော်တို့က ထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါဘူး၊ သူတို့ရဲ့ ရပ်တည်နေထိုင်ရေး အတွက်ပေါ့။ အခုဆို ဒီရာသီမှာ ကျနော်တို့ ကြက်သွန်တွေစိုက်ပါတယ်၊ နောက်ပြီး တောထဲမှာရှာဖွေ စားသောက်တဲ့ မိရိုးဖလာအလုပ်တွေလည်း လုပ်ကြပါတယ်။ တကယ် သူတို့ကျွမ်းကျင်တာက ဂန့်ဂေါနယ်ဘက်က လာတာဆိုတော့ ရက်ကန်းကိုတော့ သူတို့ အကုန်လုံးနီးပါး ရက်နိုင်ကြတယ်။ နေ့စဉ်ဝင်ငွေရတဲ့ လုပ်ငန်းလေတွေကို ကျနော်တို့ဖန်တီးပေးခြင်းက သူတို့ကို အမြဲတစေ ထောက်ပံ့ပေးခြင်းကနေ သက်သာမှာဖြစ်တယ်။ ဒီအလုပ်လေး ရှိနေတဲ့အတွက် သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုလေးတွေ ရှိလာမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ အဲတာကြောင့်မို့ အလှူရှင်တွေ အနေနဲ့လည်း ဒီရက်ကန်းလုပ်ငန်းလေးကို အကောင်အထည် ဖော်ပေးစေချင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေဟာ ၃  သန်းခွဲ ကျော်လွန်ခဲ့ပြီဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်ပါတယ်။ အခု ၂၀၂၅ ခုနှစ်ထဲမှာတော့ လူဦးရေ ၁၉ ဒသမ ၉ သန်းလောက်အတွက် ထောက်ပံ့ရေးအကူအညီလိုအပ်ချက်တွေ ရှိလာမယ်လို့ UNOCHA Myanmar က ခန့်မှန်းထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013