Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနှင့် ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်ရရန် အလေးထားဟု အစ္စရေး ပြော
DVB
·
July 3, 2025
Photo :Reuters

အစ္စရေးနိုင်ငံဟာ ဂါဇာက စစ်ပွဲကို အဆုံးသတ်ပြီး အဲဒီမှာ ထိန်းသိမ်းချုပ်နှောင်ခံထားရတဲ့ ဓားစာခံတွေ အစ္စရေးကို ပြန်ပေးရေးအတွက် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ သဘောတူညီချက်တရပ်ကို အကောင်အထည်ဖော်ဖို့ အလေးအနက်ထားကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန် ဆားရ်က ဇူလိုင် ၂ ရက်မှာ အက်စတိုးနီးယားမြို့တော် ထာ့လင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး မားဂတ်စ်ဆာနာနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဆားရ်က ဂါဇာစစ်ပွဲ အဆုံးသတ်ခြင်းဟာ ဟားမတ်စ် လက်နက်ချခြင်းနဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို လွှတ်ပေးခြင်းအပေါ် မူတည်ကြောင်းလည်း ပြောဆိုပါတယ်။

“ဟားမတ်စ်က ရက်ရက်စက်စက် ဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ ဓားစာခံ အယောက် ၅၀ ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သူတို့ကို လွှတ်ပေးပြီးတော့ လက်နက်ချလိုက်တာနဲ့ စစ်ပွဲက မနက်ဖြန်ဆို ပြီးဆုံးနိုင်ပါတယ်” လို့ ဆားရ်က ပြောသွားပါတယ်။

အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ တခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဒေသတွင်းမှာလည်း ဥရောပရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်တဲ့အပြင် တူညီတဲ့တန်ဖိုးတွေနဲ့ စိန်ခေါ်မှုတွေကို မျှဝေတဲ့ တခုတည်းသော မဟာမိတ်နိုင်ငံလည်း ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဆားရ်က ပြောဆိုပါတယ်။

“အီရန်ကလည်း IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ဒီနေ့ ကြေညာသွားပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အခုပဲ အရေးယူ ဆောင်ရွက်ရမှာပါ။ E3 နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေ တို့ဟာ အီရန်နဲ့ဆန့်ကျင်တဲ့ Snapback (အီရန်အပေါ် ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှုတွေ) ပြန်အသက်သွင်းဖို့ အချိန်ရောက်ပါပြီ။ ဒီစစ်ပွဲဟာ အစ္စရေးရဲ့စစ်ပွဲသာ မကပါဘူး။ လွတ်လပ်တဲ့ကမ္ဘာနဲ့ အီရန်ရဲ့ အကြမ်းဖက် ဝင်ရိုးတန်းအဖွဲ့တွေကြားက ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ဖြစ်ပါတယ်။”

အင်္ဂါနေ့တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အစ္စရေးက ဟားမတ်စ်တို့နဲ့ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးကို အပြီးသတ်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို လက်ခံထားကြောင်း ပြောကြားခဲ့ပြီး အစ္စရေး အရာရှိတွေနဲ့ အမေရိကန် ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံစည်းဝေးပွဲမှာ အချိန်ကြာမြင့်ပြီး အကျိုးရှိကြောင်းလည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထဲမှာ ဟားမတ်စ်က အီဂျစ်နဲ့ ကာတာတို့ဆီက ရရှိတဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်အသစ်တွေကို လေ့လာနေကြောင်း ပြောထားပေမဲ့ စစ်ပွဲအဆုံးသတ်ရေးနဲ့ ဂါဇာကမ်းမြောင်မှ အစ္စရေး ဆုတ်ခွာရေးကို သေချာစေမယ့် သဘောတူညီချက်တရပ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024