
အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းတဲ့ ဥပဒေတခု ထုတ်ပြန်ခဲ့တယ်လို့ အီရန်အခြေစိုက် တက်နင် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အဲဒီဥပဒေမှာ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲချိန်၊ နျူအဆောက်အအုံတွေ အန္တရာယ်ကင်းမှုနဲ့ သိပ္ပံပညာရှင်တွေကို အပြည့်အဝ အာမခံနိုင်တဲ့အထိ IAEA နဲ့ ပူးပေါင်းဆောင်ရွက်တာကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပေဇက်ရှ်ကီယံက အင်္ဂါနေ့ ရက်စွဲပါအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အီရန်နျူစွမ်းအင်အဖွဲ့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့ကို ပေးပို့ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဒီဥပဒေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီရန်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပြီး နောက်ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက အတည်ပြုခဲ့ပါတယ်။
အီရန်ရဲ့ အမျိုးသားအချုပ်အခြာအာဏာကို အမေရိကန်နဲ့ အစ္စရေးတို့က ချိုးဖောက်တာကြောင့် အခုလို ဥပဒေထုတ်ပြန်တာ ဖြစ်ပါတယ်။
IAEA နဲ့ ပူးပေါင်းဆောက်ရွက်မှု ရပ်ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်စရာမရှိကြောင်းနဲ့ နှောင့်နှေးမှုမရှိဘဲ ကုလရဲ့ နျူစောင့်ကြည့်ရေးအဖွဲ့နဲ့ ပူးပေါင်းသင့်တယ်လို့ အမေရိကန်က ပြောထားပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံပိုင်နက်တွေကို တိုက်ခိုက်ခဲ့သလို ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၁၃ ရက်မှာ အစ္စရေးက အီရန်ရဲ့ နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ နျူကလီးယား အဆောက်အအုံတွေနဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် နျူသိပ္ပံပညာရှင်တွေ၊ ထိပ်တန်းတပ်မှူးတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
အဲဒါကြောင့် အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၂၂ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အခြေစိုက်နေရာ ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်ကလည်း ကာတာမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်လွှတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
၁၂ ရက်ကြာ တိုက်ခိုက်မှုတွေအပြီး ဇွန် ၂၄ ရက်မှာ အီရန်နဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။
Source: Reuters