
ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြေထဲပင်လယ်မှာ အပူချိန်စံချိန်သစ်တွေက ပုံမှန်လို ဖြစ်လာနိုင်တယ်လို့ စပိန်သိပ္ပံပညာရှင်တယောက်က ဇူလိုင် ၂ ရက်မှာ သတိပေးလိုက်ပါတယ်။
ကတ်တလန် ကမ်းရိုးတန်းနားက မြေထဲပင်လယ်မှာ အပူချိန် ၄ ဒီဂရီ တိုးလာပြီး တချို့နေရာတွေမှာ ပုံမှန်အပူချိန်ထက် ၆ ဒီဂရီအထိ တိုးလာတယ်လို့ စပိန်သိပ္ပံ သုတေသနကောင်စီ (CSIC) နဲ့ ကတ်တလန် သုတေသနဌာန သိပ္ပံပညာရှင် ဂျပ်စတီနို မာတီးနက်ဇ်က ပြောပါတယ်။
ဘာစီလိုနာကမ်းခြေမှာ အပန်းဖြေနေထိုင်သူတွေကလည်း ရေအပူချိန် မြင့်တက်လာတာကို သတိထားမိခဲ့ကြပါတယ်။
“ကမ်းခြေတလျှောက် လျှောက်သွားတော့ အရမ်းပူတယ်၊ ပိုအေးတာကို ကြိုက်တယ်၊ ဒါပေမဲ့ ဒါက ကျနော်တို့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေပါပဲ” လို့ အငြိမ်းစား ဒေသခံ ကာမန်က ပြောပါတယ်။
ဥရောပမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ကျနေတာ ရက်နည်းနည်း ကြာပြီးတဲ့နောက် ဇွန် ၂၂ ရက်မှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ရာသီအလိုက် ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ် ကျော်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ကော့ပါးနီးကတ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဌာနက ကော့ပါးနီးကတ်စ် အဏ္ဏဝါဌာနရဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။
ဥရောပဟာ ကမ္ဘာ့အမြန်ဆုံးပူနွေးနေတဲ့ တိုက်ကြီးဖြစ်လာပြီး အခုနှစ်အစောပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြစ်လာခဲ့ကာ နောက်ပိုင်းလတွေအထိ အပူလှိုင်းတွေ ဆက်ရှိနေမယ်လို့ ကော့ပါးနီးကတ်စ်က ခန့်မှန်းထားပါတယ်။
Source: Reuters