DVB Logo
Home
မြန်မာသတင်း
ဘယ်လာရုစ်က မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းချ သင်တန်းပေး
DVB
·
July 2, 2025
ဘယ်လာရုစ်က မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းချ သင်တန်းပေး
Donate to DVB

ဘယ်လာရုစ်နိုင်ငံက မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှု ကွပ်ကဲရေးစနစ်ကို ရောင်းချပေးအပ်ခဲ့ပြီး စစ်လက်နက်ထုတ်လုပ်ရေး ဝန်ထမ်းတွေကို  လေ့ကျင့်သင်ကြားပေးနေတယ်လို့ Justice For Myanmar အဖွဲ့က ဇူလိုင် ၂ ရက် ဒီကနေ့ အစီရင်ခံစာထုတ်ပြန် ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ကျော် ကြာမြင့်လာချိန် ဘယ်လာရုစ်နိုင်ငံက စစ်လက်နက်တွေ၊ စစ်သုံးပစ္စည်းတွေ၊ စစ်အုပ်စုရဲ့ နည်းပညာဆိုင်ရာ စွမ်းရည်တွေ တိုးမြှင့်နိုင်မယ့် လေ့ကျင့်သင်ကြားမှုတွေ ပေးအပ်ကာ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်လာခဲ့တာလို့ ဆိုပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်အုပ်စုရဲ့ လေကြောင်းရန်ကာကွယ်ရေးဌာနချုပ်နဲ့ ဘယ်လာရုစ်နိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေး တာဝန်ရှိသူတို့အကြား ပေးစာအရ သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အမိန့်ပေးစနစ်တရပ်ကို ဘယ်လာရုစ်နိုင်ငံက မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နေပြည်တော်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေ အများအပြား အသုံးပြုလာတဲ့ ဒရုန်းတွေကို ဖျက်ချဖို့ အသုံးပြုလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုအထောက်အထားသစ်တွေ အရ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း စိုးစဥ်းမရှိဘဲ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် ဘယ်လာရုစ်နိုင်ငံက ဆက်ပြီး ပံ့ပိုးကူညီနေတာကို ပြသနေပါတယ်” လို့ ပြောပါတယ်။

ဘယ်လာရုစ်နိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေး နိုင်ငံတော်အာဏာပိုင်အဖွဲ့ (SAMI) ရဲ့ ဒုဝန်ကြီး-၁ အီဂေါဒီမီဒန်ကိုနဲ့ မြန်မာ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်းတို့ရဲ့ ပေးစာတွေနဲ့ ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်း မင့်စ်မြို့တော်ကို သွား‌ရောက်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ် သရုပ်ပြပွဲတွေ တက်ရောက်ခဲ့တဲ့ အကြောင်းတွေကို ဖော်ထုတ်ထားသလို စစ်ဘက်ဝန်ထမ်းတွေကို ဘယ်လာရုစ်တက္ကသိုလ်တွေမှာ လေ့ကျင့်သင်ကြားပေးတာနဲ့ ဘယ်လာရုစ်နဲ့ မြန်မာစစ်အုပ်စုတို့အကြား အရေးပါတဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထောက်အထားအသစ်တွေကို Justice For Myanmar ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ ပေးစာတွေမှာ မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဖက်မြင် ရေဒါနည်းပညာနဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာတွေ လွှဲပြောင်းရောင်းချမှုတွေကို အတည်ပြုနိုင်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို ဘယ်လာရုစ် နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT) ကတဆင့် မြန်မာစစ်တပ်ကို ရောင်းချထောက်ပံ့ခဲ့ပြီး ဒီစနစ်ဟာ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ ဒရုန်းတွေ အပါအဝင် ဝေဟင်ရှိ အရာဝတ္ထုတွေကို ရှာဖွေနိုင်ပြီး ပစ်မှတ်တွေကို အလိုအလျောက် ခြေရာခံလိုက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နဲ့ Vostok သုံးဖက်မြင် ရေဒါနည်းပညာတို့ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာစစ်ဘက်ဝန်ထမ်းတွေဟာ Belarusian State University of Informatics and Radioelectronics (BSUIR) မှာ တက်ရောက်နေပြီး လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်းနီးယားရင်းပညာရပ်တွေမှာ သုတေသနတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောကြ် ဘယ်လာရုစ်နိုင်ငံနဲ့ မြန်မာစစ်တပ်တို့အကြား ကိုယ်စားလှယ် အရာရှိကြီးတွေ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ ပိုမိုပြုလုပ်နေတာ မြင်တွေ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်စ်ကို ၂ ကြိမ် သွားရောက်ထားကာ အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း စစ်ခေါင်းဆောင်ဟာ  ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို တက်ရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ညကြည့်မှန်ဘီလူး အပါအဝင် စစ်ဘက်ဆိုင်ရာမှာ အသုံးပြုတဲ့ မှန်ပြောင်းတွေ ထုတ်လုပ်တဲ့ BelOMO Holding လုပ်ငန်းကို သွားရောက်လေ့လာပြီး စက်မှုဝန်ကြီး အပါအဝင် လုပ်ငန်းက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဘယ်လာရုစ်နိုင်ငံ စက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နည်းပညာမြင့်ထုတ်ကုန်တွေ ထုတ်လုပ်တာနဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

BelOMO Holding ဟာ စစ်ဘက်ဆိုင်ရာနဲ့ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေဖြစ်တဲ့ မှန်ဘီလူးတွေ၊ မှန်ပြောင်းတွေနဲ့ ညမြင်ကွင်းကြည့် ကိရိယာတွေ ထုတ်လုပ်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာမှာ အဓိကကျတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းကထုတ်တဲ့ မှန်ပြောင်းတွေဟာ စနိုက်ပါသေနတ်၊ လက်နက်ကြီးနဲ့ သံချပ်ကာယာဉ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် ဘယ်လာရုစ် စစ်လက်နက်စက်ရုံတွေ စစ်ဘက်အင်ဂျင်နီးယားရင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေရှိတဲ့ တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ပြီး မြန်မာတက္ကသိုလ်တွေနဲ့ သဘောတူစာချုပ်တွေကို ချုပ်ဆိုခဲ့ပါတယ်။

ဒီအခြေအနေမှာ ဘယ်လာရုစ်နိုင်ငံနဲ့ စစ်လက်နက်ကုန်သွယ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်လက်နက်ပွဲစားတွေ၊ မြန်မာစစ်ဘက် ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြား ပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေ အပေါ် အရေးတကြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ဖို့၊ ဘယ်လာရုစ်နိုင်ငံကတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု မှန်သမျှ တားဆီးဟန့်တားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ နိုင်ငံတကာကို Justice For Myanmar ကတိုက်တွန်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013