ထိုင်းကို MOU ဖြင့် အလုပ်သွားလုပ်မည့်သူများ ငွေလွှဲပို့စေရန် မိဘက ကတိခံဝန်ချက် ပေးရမည်

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားလုပ်မယ်ဆိုရင် မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို လွှဲပို့မဲ့အကြောင်း မိဘရဲ့ ကတိခံဝံချက် လက်မှတ် ရေးထိုးပေးရမယ်လို့ စစ်အာဏာရှင် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားချက် ထုတ်ထားပါတယ်။
ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေကို အလုပ်သမားရဲ့ မိဘနှစ်ပါးရဲ့ ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေရေး သိရှိလိုက်နာဖို့ ညွှန်ကြားလာတာလို့ဆိုပြီး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) က ထပ်ဆင့်အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။
ဒီလို ညွှန်ကြားတာနဲ့ပတ်သက်လို့ အေဂျင်စီ ဒါရိုက်တာအဖွဲ့ဝင်တယောက်က "ချည်ပြီး၊ တုပ်ပြီးကို လုပ်လိုက်တာ၊ မဆီမဆိုင် မိဘတွေကိုပါ ဆွဲထည့်တာ။ အဲဒီလောက်ကြီးက လွန်လွန်းတယ်။ အလုပ်သမားက မိဘမရှိခဲ့ရင်ရော" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ မသွားခင် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးချိန်မှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကတဆင့် မိသားစုဆီ လွှဲပို့ရမယ်ဆိုတာ မိဘတွေ သိရှိကြောင်း နိုဝင်ဘာ ၁၈ ရက်ကစပြီး ကတိခံဝန်လက်မှတ် ရေးထိုးရမှာလို့ ဆိုပါတယ်။
အလုပ်သမား နေထိုင်တဲ့ဒေသ မြို့နယ်ရုံးတွေက တာဝန်ခံအရာရှိရှေ့မှောက်မှာ အလုပ်သမားရဲ့ မိဘနှစ်ပါးရဲ့ ကတိခံဝန်ချက် သက်သေအဖြစ် လက်မှတ်ရေးထိုးကြရမယ်လို့ MOEAA ရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကတိခံဝန်ချက်လက်မှတ်ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုချိန်မှာ တင်ပြ ရမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေမှာ အချက်အလက်တွေ ဖြည့်သွင်းကာ စာချုပ်မူရင်းကို စာချုပ် ချုပ်ဆိုရေးအဖွဲ့ဆီ အပ်နှံရမယ်လို့ ဆိုပါတယ်။
အခုလို မိဘတွေကိုပါ ဆွဲထည့်ပြီး ချုပ်ကိုင်တာနဲ့ပတ်သက်လို့ အာဏာရှင်ဆန်ဆန် အနိုင်ကျင့်တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
ပြည်ပရောက်မြန်မာလုပ်သားတယောက်က “ပိုပိုပြီးတော့ကို တင်းကျပ်လာတာ။ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးကို လေးစားလိုက်နာမှု လုံးဝကိုမရှိတာ" လို့ ပြောပါတယ်။
စစ်အာဏာရှင်ဟာ နိုင်ငံခြားငွေ ရရှိအောင် ၂၀၂၄ ခုနှစ်ကစပြီး အလုပ်သမားတွေကို မိသားစုဆီ တရားဝင် ငွေလွှဲပို့ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။











