
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၅ ခုက စစ်ရှောင်ကလေး ၃,၀၀၀ ကျော် ကျောင်းတက် ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေ ဆောက်လုပ်နိုင်ဖို့ အကူအညီတွေ လိုနေတယ်လို့ တန်းခိုးဆရာထွန်း အခမဲ့ ပညာရေးစင်တာဆီက သိရပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၅ ခုမှာရှိတဲ့ စစ်ရှောင်ကလေး ၃,၀၀၀ ကျော် ကျောင်းနေ ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေ ဆောက်လုပ်နိုင်ဖို့၊ ပညာရေးသင်ထောက်ကူပစ္စည်းတွေ ပေးနိုင်ဖို့နဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနိုင်ဖို့ အကူအညီတွေလိုနေတာ ဖြစ်ပါတယ်။
AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ တန်းခိုးဆရာထွန်း - အခမဲ့ ပညာရေးစင်တာက ကျောင်းပေါင်း ၁၈ ကျောင်းအထိ ဇူလိုင် ၃ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပေမဲ့ ကျောင်း ၁၅ ကျောင်းလောက် ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တန်းခိုးဆရာထွန်း - အခမဲ့ ပညာရေးစင်တာ ပြန်ကြားရေးဌာနက တာဝန်ရှိသူက “မြို့နယ် ၅ ခုက ကျောင်းတွေအတွက် တကျောင်းကို ဆရာ၊ ဆရာမ အယောက် ၂၀ နဲ့ မြို့နယ် ၅ ခုအတွက် အယောက် ၃၂၀ ဝန်းကျင် ရှိနေတာ၊ Kg ကနေ G-8 အထိ သင်ကြားပေးဖို့ ရည်ရွယ်ထားကာ ဆရာ၊ ဆရာမတယောက်ကို တလစာ ငွေကျပ် ၁၅၀,၀၀၀ စီ ထောက်ပံ့ပေးနိုင်ဖို့လည်း စီစဉ်ထားတယ်” လို့ ပြောပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ အာရက္ခအမျိုးသားပညာရေးဌာနက သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှာဖြစ်ပြီး စစ်ရှောင်ကျောင်းသားတွေဟာ ၂ နှစ်ဝန်းကျင်ကြာ ပညာမသင်ကြားနိုင်တဲ့အတွက် ကျောင်းတွေဖွင့်ဖို့ စီစဉ်ရတာလို့ ဆိုပါတယ်။
မြို့နယ် ၉ ခုမှာ ကျောင်းတွေဖွင့်ဖို့ စီစဉ်ထားပေမဲ့ ငွေကြေးအခက်အခဲကြောင့် မြို့နယ် ၅ ခုမှာသာ သင်ကြားနိုင်ဦးမှာဖြစ်ပြီး လက်ရှိမှာလည်း ကျောင်းဆောင်မရှိသေးတဲ့အတွက် နေအိမ်တွေမှာ စာသင်ကြားပေးဖို့ စီစဉ်နေရပါတယ်။
ရခိုင် မြို့နယ် ၅ ခုက စစ်ရှောင်ကလေးငယ်တွေဟာ ULA/AA က ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွေကို တက်ရောက်ဖို့ သွားလာရေးအခက်အခဲတွေရှိတာကြောင့် တန်းခိုးဆရာထွန်း - အခမဲ့ပညာရေးစင်တာက စစ်ရှောင်စခန်းတွေမှာ ပထမဆုံးအနေနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လင်းအိမ်