
ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဟာ လက်ရှိ ဆိုးဝါးလာနေတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ဒေသတွင်း ထိုင်းအစိုးရဌာနတွေရဲ့ မေတ္တာရပ်ခံချက်အရ ရွှေ့ပြောင်းကလေးငယ်များ လေ့လာရေးစင်တာ (FED/ULC) ကို ယာယီ အရေးပေါ် ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပြုမယ်လို့ ဇူလိုင် ၁ ရက်က ကြေညာပါတယ်။
ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ်မှာ တည်ရှိတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ သင်ကြားရေးစင်တာကို ဆူနာမီ၊ ရေကြီး ဒါမှမဟုတ် တခြား သဘာဝဘေးအန္တရာယ်တွေလို ဒေသတွင်း အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်လာပါက လူတိုင်းအတွက် အသုံးပြုခွင့်ပေးသွားမယ်လို့လည်း သိရပါတယ်။
အထူးသဖြင့် ပင်လယ်ကမ်းစပ်မှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ သတိရှိရှိ အဖိုးတန်ပစ္စည်းတွေ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ ထိန်းသိမ်းထားဖို့ကိုလည်း FED က သတိပေးထားပါသေးတယ်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED/ULC) ဟာ သင်ကြားရေးစင်တာ နေရာကို အများပြည်သူများ အရေးပေါ်အသုံးပြုနိုင်ဖို့ ဖွင့်လှစ်ပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျယ်အဝန်း ၅ ရိုင် (ထိုင်းဧက) ရှိတဲ့ FED/ULC သင်ကြားရေးစင်တာက ကျောင်းစာသင်ဆောင်တွေနဲ့ ကျောင်းဝင်းထဲ ယာယီတဲတွေ ထိုးပြီး ခေတ္တ နေထိုင်နိုင်ပါတယ်။
ဒါ့အပြင် တရက်ကို ရေသန့်လီတာ ၃,၀၀၀ ထုတ်လုပ်နိုင်တဲ့ ရေသန့်စက်တွေလည်း ရှိပြီး ညဘက်မှာ အလင်းရောင်ပေးဖို့ လုံလောက်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတွေ ရှိသလို ကျား/မ အိမ်သာ စုစုပေါင်း အခန်း ၃၀ ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးဝါးတွေနဲ့ အရေးပေါ်ရှေးဦးသူနာပြုအဖွဲ့ (ထိုင်းနိုင်ငံကြက်ခြေနီအသင်းက အသိအမှတ်ပြုထားတဲ့ ကျန်းမာရေး စေတနာ့ဝန်ထမ်းများ) ရှိပြီး အရေးပေါ်အခြေအနေတွေမှာ စုစည်းရာနေရာအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို ခီးခတ်တိုက်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ ကျေးရွာလူကြီးတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း FED က ထုတ်ပြန်ထားပါတယ်။
၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရစ်ချ်တာစကေး ၉ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသ ၁၄ နိုင်ငံကို ဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာမှာ ဖန်ငခရိုင်ထဲက လှပတဲ့ ခေါင်လတ် ပင်လယ်ကမ်းခြေမှာ ထောင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။