
ရန်ကုန်-ဒလ ကူးတို့ဆိပ်တွေကို စစ်ကောင်စီက ဇူလိုင် ၁ ရက်က ယာယီပိတ်လိုက်တဲ့အတွက် တဖက်ကမ်း ဒလမြို့ကိုပြန်မယ့် ရာနဲ့ချီတဲ့လူတွေ ပိတ်မိနေပြီး အခက်တွေ့ခဲ့ကြရတယ်လို့ ကူးတို့ ကူးဖို့ စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေဆီကနေ သိရပါတယ်။
ဒလမြို့ဘက်ကို ကူးမယ့်သူတယောက်က “၈ နာရီခွဲလောက်ကတည်းက သမ္ဗန်က မရှိတော့တာ။ ဘာဖြစ်လို့ ဇက်ဆိပ်ကို ပိတ်လိုက်လဲ မသိပါဘူး” လို့ ဆိုပါတယ်။
ဒလကနေ ရန်ကုန်မြို့မှာ အလုပ်သွားလုပ်နေရတဲ့ ဒလမြို့ခံတယောက်က “ဇက်ဆိပ်နဲ့ လှေဆိပ်တွေကို ပိတ်လိုက်တာကြောင့် ရာနဲ့ချီတဲ့ လူတွေဟာ သမ္မတကမ်းခြေ၊ ပန်းဆိုးတန်း၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်နဲ့ မှော်စက်လို ဒလဘက်ကူးတဲ့ စက်လှေဂိတ်တွေမှာ ပိတ်မိခဲ့ကြပါတယ်” လို့ ပြောပါတယ်။
ည ၁၂ နာရီကျော်လောက်မှာ ပြန်ဖွင့်ပေးတယ်၊ ဖွင့်ပေးတော့လည်း ဒလဘက်အခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေက လာသမျှလူတွေကို စစ်ဆေးလို့ နေအိမ်ကို ည ၁ နာရီထိုးမှ ပြန်ရောက်တယ်လို့ ဆိုပါတယ်။
ဒလ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က “ဇူလိုင် ၂ ရက် ဒီကနေ့ မနက်ကျမှ လှိုင်သာယာဘက်မှာ ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ပစ်ခံရလို့ ကြိုတင်ကာတဲ့အနေနဲ့ ပိတ်တာလို့ သိရတယ်။ အသေးစိတ်တော့ မသိဘူး” လို့ ပြောပါတယ်။
ဒလမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေဘက်က ဆိုင်ကယ်နဲ့ လုပ်ကြံသတ်ဖြတ်တာ ခံရလို့ဆိုပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ခဲ့သလို စစ်ကောင်စီထောက်တိုင် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို ရန်ကုန်မြို့ဘက်မှာ လျှပ်စစ်စက်ဘီးနဲ့ ရှင်းလင်းခဲ့တာကြောင့် ဒလမြို့မှာ လျှပ်စစ်စက်ဘီးနဲ့ လျှပ်စစ်သုံးဘီး စီးခွင့်ကို ပိတ်ထားတာ ဒီနေ့အထိပါပဲလို့ ဒလမြို့ခံတွေဆီကနေ သိရပါတယ်။