
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေမဆေးကျောက်ရှာတဲ့ အမျိုးသားတယောက် အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရတဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ရေမဆေးကျောက် ရှာဖွေသူတယောက် ဖြစ်ပြီး ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ လုံးခင်းကျေးရွာအုပ်စု အပေါ်လမ်း သုသာန်အနီး လမ်းဘေးနေရာမှာ မနေ့ ဇွန် ၃၀ ရက် ညနေ ၄ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သေနတ်သံကြားပြီး သွားကြည့်တော့ သေဆုံးနေတာကို တွေ့ရတာ။ သေသူ အမျိုးသားမှာ ဝတ်ထားတဲ့ လက်စွပ်၊ ဖုန်းနဲ့ ငွေသားတချို့ကို အတူတွေ့ရတယ်။ ပစ္စည်းလိုချင်လို့ သတ်တာတော့ မဟုတ်လောက်ဘူး။ ဘယ်အဖွဲ့ရဲ့လက်ချက်လဲတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
အဲဒီ သေဆုံးအမျိုးသားရဲ့ အလောင်းကို ဒေသခံ လူမှုကူညီရေးအသင်းက သယ်ယူပြီး လုံးခင်းသုသာန်ကို ပို့ဆောင်ထားပါတယ်။
ဖားကန့်မြို့မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်သတ်မှုကြောင့် ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ လူ ၁၁ ယောက် သေဆုံးခဲ့ရပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။