
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန် ၂၈ ရက်က စတင်ကာ နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇွန် ၂၉ ရက် မနက် ၇ နာရီကနေ ဇွန် ၃၀ ရက် မနက် ၇ နာရီအထိ လူပေါင်း ၇၂,၈၆၆ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ကြောင်း စီချွမ် ဘူမိဗေဒ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနချုပ်ရုံးကနေ သိရပါတယ်။
ပါကျုံမြို့တော်က ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုဇုန်ထဲမှာ ဈေးဆိုင်အများအပြား ရေမြုပ်ခဲ့ပြီး မိုးသက်မုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံတချို့ရှိ သံမဏိအကာအရံတွေ ပြိုကျခဲ့ပါတယ်။
မီးသတ်သမားတွေဟာ ရေစုပ်စက်တွေနဲ့ ဆိုင်တွေထဲက ရေတွေကို စုပ်ထုတ်ပစ်ခဲ့ရပြီး ပျက်စီးနေတဲ့ သံမဏိအကာပြားတွေကိုလည်း ရှင်းလင်းခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် ပါကျုံမြို့ရှိ လယ်မြေတချို့ ရေမြုပ်သွားခဲ့ပါတယ်။
နေ့ကျန်းမြို့ရှိ ဇိကျုံးကောင်တီမှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားကပဲ လူပေါင်း ၁,၁၃၂ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ကြပြီး မိုးရွာသွန်းမှုကြောင့် ကျေးရွာလမ်းမကြီးပေါ်မှာ မြေပြိုမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
ပြိုကျနေတဲ့ ကျောက်တုံးတွေနဲ့ ရွှံ့နွံတွေကို ဖယ်ရှားဖို့အတွက် တာဝန်ရှိသူတွေက စက်ယန္တရားတွေ စီစဉ်ပေးခဲ့ပါတယ်။
စွေ့နင်မြို့မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၃၉၃ ယောက်ကို ယာယီ နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးသတ်သမားတွေဟာ ရေမြုပ်နေတဲ့ လမ်းတွေက မော်တော်ယာဉ်တွေကို လွတ်မြောက်အောင် ကူညီပေးခဲ့ပြီး ရေလျှံနေတာတွေကို လမ်းကြောင်းဖောက်ချ ဖယ်ရှားပေးခဲ့ပါတယ်။
Source: Reuters