
ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ သတိထားဖို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့မနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။
မုတ်သုံဖိအားနည်းရပ်ဝန်းဟာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ လာအိုအထက်ပိုင်းတို့ကို ဖြတ်ကျော်ရွေ့လျားမှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံအထက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းကလည်း ဝင်ရောက်လာမှာဖြစ်တာကြောင့် တချို့ဒေသတွေမှာ မိုးသည်းထန်မယ်၊ ဒါ့အပြင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်။ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်။ ကပ္ပလီပင်လယ်ပြင် အထက်ပိုင်းမှာ လှိုင်းအမြင့် ၁ မီတာကနေ ၂ မီတာခန့် ရှိနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ လှိုင်းအမြင့် ၁ မီတာခန့် ရှိနိုင်ပါတယ်။ မုန်တိုင်း ကျရောက်နိုင်တဲ့ ဒေသတွေမှာ လှိုင်းအမြင့် ၂ မီတာ အထက် ပိုရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသနေ ပြည်သူတွေအနေနဲ့ ဇူလိုင် ၁ မှ ၆ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနောက်ဆက်တွဲ လျှပ်တပြက်ရေကြီးရေလျှံတာ၊ တောင်ကျချောင်းရေ ကျလာတာတွေ သတိထားဖို့၊ အထူးသဖြင့် အနိမ့်ပိုင်းနေ ပြည်သူတွေ သတိထားဖို့၊ မိုးသားကျူးတဲ့ ပင်လယ်ပြင်မှာ လှေထွက်ခြင်းတွေ ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။
ဒေသအလိုက် မိုးရွာသွန်းမှုနဲ့ အပူချိန်တွေမှာ ထိုင်းမြောက်ပိုင်းမှာဆိုရင် ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး နေ့အပူချိန် ၂၃ မှ ၃၄ ဒီဂရီစင်တီဂရိတ်ထိရှိမယ်၊ မိုးသည်းထန်နိုင်တဲ့ ခရိုင်တွေမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်း၊ နန့်၊ ဥဒရာဒေ့ချ်နဲ့ တာ့ခ် ခရိုင်တို့ ဖြစ်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာလည်း ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်မယ်၊ နေ့အပူချိန် ၂၃ မှ ၃၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ခရိုင်အချို့ မိုးသည်းထန်မယ်၊ အထူးသဖြင့် လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုံ၊ ကာလာဆင်း၊ မုဒ်တာဟန်၊ ချိုင်းယဖုမ်း စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။
ထိုင်းအလယ်ပိုင်းမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာဖွယ်ရှိပါတယ်။ နေ့အပူချိန် အနည်းဆုံး ၂၃ ဒီဂရီစင်တီဂရိတ်မှ အများဆုံး ၃၅ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး မိုးရွာဘွယ် ခရိုင်များမှာ ဥထိုင်းဌာနီ၊ ဆလာပူရီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်ဆုန်ခလမ်း နဲ့ စမွတ်စခွန်းတို့ ဖြစ်ပါတယ်။
ထိုင်းအရှေ့ပိုင်းမှာ ဒေသရဲ့ ၇၀ ရာနှုန်း မိုးရွာဖွယ်ရှိတယ်၊ နေ့အပူချိန် ၂၃ မှ ၃၃ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး မိုးရွာနိုင်တဲ့ခရိုင်တွေမှာ နခွန်းနားယုတ်၊ ချချိန်းဆောင်း၊ ဆာကယောက်၊ တလတ်၊ လယောင်း၊ ကျန်ထပူရီ၊ ပရာကျင်းပူရီ၊ ချွန်းပူးရီးခရိုင်တို့ဖြစ်ပြီး ပင်လယ်ပြင် လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်မယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်းမှာတော့ ဒေသရဲ့ ၆၀ ရာနှုန်း မိုးရွာဘွယ်ရှိပါတယ်။ အထူးသဖြင့် ဖစ်ချ်ပူရီ၊ ပကျုပ်ခီရီခန်၊ ချွန်းဖောင်း၊ စူရတ်ဌာနီ၊ ရနောင်း၊ ဖန်င နဲ့ ဖူးကက်တို့ဖြစ်ပါတယ်။ နေ့အပူချိန်မှာ ၂၄ မှ ၃၅ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိမြင့်မယ်၊ မုန်တိုင်းရှိဒေသမှာ ၃ မီတာထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်ခရိုင်နဲ့အနီးတဝိုက်မှာတော့ ဒေသရဲ့ ၇၀ ရာနှုန်း မိုးရွာဘွယ်ရှိပြီး နေ့အပူချိန်မှာ ၂၄ မှ ၃၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။
Source - TNN Earth News / Naewna News