Home
နိုင်ငံတကာ
ရုရှားတွင် ကျဆုံးခဲ့သည့် မြောက်ကိုရီးယား စစ်သားများအတွက် ကင်မ်ဂျုံအန်း ငိုကြွေး
DVB
·
July 1, 2025
Photo: KRT

ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်က ကူတိုက်ပေးရင်း ကျဆုံးခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့ ခေါင်းတလားတွေအပေါ် သူကိုယ်တိုင် နိုင်ငံတော်အလံ လွှမ်းပေးနေတဲ့ ဗီဒီယိုကို ပြန်ကြည့်ရင်း ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်း မျက်ရည်ကျနေတဲ့ ပုံရိပ်တွေကို ဇွန် ၃၀ ရက်မှာ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားစစ်သား ၁၂,၀၀၀ လောက်အထိ ရုရှားမှာ တိုက်ပွဲဝင်ဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။

ကင်မ်ဟာ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အခမ်းအနားတရပ် ဇွန် ၂၉ ရက်မှာ ကျင်းပခဲ့ပြီး ခန်းမထဲမှာ မြောက်ကိုရီးယားနိုင်ငံသား ထောင်ချီ တက်ရောက်ခဲ့ပါတယ်။

ဧရာမဖန်သားပြင်ကြီးမှာ ကင်မ်က ခေါင်းတလား ၆ လုံးလောက်အပေါ် နိုင်ငံတော်အလံ လွှမ်းပေးနေတဲ့ ပုံရိပ်တွေ ပြသနေချိန်မှာတော့ သံစုံတီးဝိုင်းကလည်း ကြေကွဲဖွယ်သံစဉ်ကို တီးမှုတ်ပေးခဲ့ပါတယ်။

ဝတ်ရုံရှည်တွေဝတ်ထားတဲ့ အမျိုးသမီးတွေက သီဆိုနေချိန်မှာ ကင်မ်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဝဲလာခဲ့ပုံကိုပါ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပွဲတက်လာတဲ့ မြောက်ကိုရီးယားနဲ့ ရုရှားစစ်သားတွေ၊ တာဝန်ရှိသူတွေ ဝမ်းနည်းကြေကွဲနေကြပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် ပထမနှစ်ပတ်လည်နေ့မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို ရုရှားယဉ်ကျေးမှုဝန်ကြီး အော်လ်ဂါလျူဘီမော့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ကင်မ်နဲ့ ပူတင်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ စစ်ဖြစ်ရင် တနိုင်ငံနဲ့ တနိုင်ငံ ကာကွယ်ပေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024