Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၇၉ သိန်းအောက်ထိ ပြန်ကျလာ
DVB
·
June 30, 2025

ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးကျဆင်းမှုနဲ့အတူ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကလည်း တရိပ်ရိပ်ကျဆင်းလာပြီး ဇွန် ၃၀ ရက်မှာ ကျပ် ၇,၈၆၀,၀၀၀ ဝန်းကျင်ကို ပြန်ရောက်လာကြောင့် တပတ်အတွင်း ကျပ် ၂ သိန်းကျော် ပြန်လည်ကျဆင်းသွားတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေး တအောင်စကို ဒေါ်လာ ၃,၃၀၀ အောက်ထိ ပြန်ကျဆင်းခဲ့ပြီးနောက် ပြည်တွင်းရွှေဈေးဟာလည်း အခုလို သိသိသာသာ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွှေလုပ်ငန်းရှင်တဦးက “တပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးက အတက်အကျ များပေမဲ့ အခုတော့ ပြန်ကျလာပြီ။ အဲဒီတော့ ပြည်တွင်းမှာလည်း ဈေးက လိုက်ကျတာပေါ့။ တပတ်အတွင်းကို ကျပ် ၂ သိန်းကျော်လောက် ပြန်ကျလာတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးအနေနဲ့ ပြီးခဲ့တဲ့ တပတ်တာအတွင်းမှာ အမြင့်ဈေး ၃,၃၇၉ ‌ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံး ၃,၂၇၄ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာရွှေဟာ တပတ်တာအတွင်းမှာ ဒေါ်လာ ၁၀၀ ကျော် အထိ အကျဘက်ရှိခဲ့တာပါ။

မြန်မာ့ရွှေဈေးဟာလည်း ပြီးခဲ့တဲ့ တပတ်တာအတွင်း အမြင့်ဆုံးဈေး ကျပ် ၈,၀၇၀,၀၀၀ အထိ ဈေးတက်ခဲ့ပြီး အနိမ့်ဆုံးဈေး ၇,၈၄၀,၀၀၀ အထိ ပြန်ကျဆင်းခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကမ္ဘာ့ရွှေဈေးက တအောင်စကို ၃,၂၉၆ ဒေါ်လာထိ ‌ပြန်မြင့်တက်ခဲ့ပေမဲ့ ညနေပိုင်းမှာတော့ တအောင်စကို ၃၂၈၃ ဒေါ်လာကို ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။

တဖက်မှာလည်း ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဈေးမာနေတဲ့ ‌ဒေါ်လာဈေးဟာလည်း ၄,၅၀၀-၄,၆၀၀ ကျပ်ရှိနေရာက စနေ၊ တနင်္ဂနွေ ပိတ်ရက်အပြီး ဒီကနေ့ ဇွန် ၃၀ ရက်နေ့ (တနင်္လာနေ့မှာ) တဒေါ်လာကို ၄,၄၅၀-၄,၅၅၀ ကျပ်ကို ပြန်ကျလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024