DVB Logo
Home
နိုင်ငံတကာ
ထိုင်းငါးဖမ်းလှေထဲ အဆိပ်သင့်ပြီး ရေလုပ်သား ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန် 
DVB
·
June 30, 2025
ထိုင်းငါးဖမ်းလှေထဲ အဆိပ်သင့်ပြီး ရေလုပ်သား ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန် 
Donate to DVB

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်က ငါးဖမ်းလှေတစီးပေါ်မှာ ငါးပုပ်ကလာတဲ့ အဆိပ်ငွေ့ ရှူရှိုက်မိတာကြောင့် ရေလုပ်သား ၃ ယောက် သေဆုံးပြီး တယောက်မှာ ဒဏ်ရာပြင်းထန်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇွန် ၂၈ ရက် ည ၈ နာရီကျော်က ချွန်းဖွန်းမြို့ ပါတ်နမ့်ရပ်ကွက်ရှိ ကမ်းကပ်လာတဲ့ လှေတစီးပေါ်မှာ အဆိပ်သင့်လူနာရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ပါတ်နမ့်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာရောက်တော့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိမေ့နေတဲ့ လူနာ ၄ ယောက်ကို  ပါတ်နမ့်ဆေးရုံကို အမြန်ပို့ပေးခဲ့တယ်၊ ဒါပေမဲ့ ၃ ယောက်က သေဆုံးနေပြီဖြစ်ပြီး ကျန်တယောက်က သတိမရသေးဘူးလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါငါးဖမ်းလှေကြီးပေါ်မှာ လူအယောက် ၃၀ ရှိပြီး  ပရကျုပ်ခီရီခန်ဘက်ကနေ လာခဲ့တယ်၊ ပင်လယ်ထဲမှာ ဖမ်းမိတဲ့ငါးတွေ ကုန်းပေါ်ချဖို့ ကမ်းကပ်လာခဲ့တယ်၊ အဲဒီတခေါက်က သူတို့ဖမ်းခဲ့တဲ့ ငါးအလေးချိန် ကီလိုဂရမ် ၃၀၀ လောက်ရှိတယ်၊ ဖမ်းမိတဲ့ငါးတွေကို အလေးချိန် ၂၀၀ လီတာစီခွဲပြီး သင်္ဘောဝမ်းဗိုက်အောက်က ကျင်းထဲမှာ ထားတယ်၊ ရေလုပ်သားတွေက ငါးတွေ သယ်ထုတ်စဉ် ရေလုပ်သားတယောက်က အဲဒီကျင်းထဲမှာ ရုတ်တရက် မေ့လဲသွားပါတယ်၊ လုပ်ဖော်ကိုင်ဖက်တယောက်က ဆင်းကယ်တော့ သူလည်း မေ့လဲသွားတယ်၊ အဲဒီလို အဆင့်ဆင့် ဆင်းကူကြရာမှာ ၄ ယောက်ထိ မေ့လဲပြီး ၅ ယောက်မြောက်သူက အောက်စီဂျင်ပါတဲ့ မျက်နှာဖုံးစွပ်ပြီး ဆင်းကယ်မှ ဆွဲထုတ်နိုင်ခဲ့တယ်၊ ၄ ယောက်လုံးကို နာရီပိုင်းထိကြာအောင် ဆွဲတင်ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ လှေပေါ်ပါသူတယောက်က ပြောပါတယ်။

ပထမမေ့လဲသွားတဲ့ ရေလုပ်သားက သယ်ဖို့လုပ်တဲ့ ငါးကျင်းထဲက ငါးတွေဟာ ထည့်ထားတာ ကြာပြီဖြစ်ပြီး တိရစ္ဆာန်အစာတွေ လုပ်ဖို့ဖြစ်တယ်။ ငါးထည့်တဲ့သေတ္တာ ပေါက်သွားပြီး အပုပ်နံ့တွေ ထွက်နေတယ်၊ အဲဒီအပုပ်နံ့ကနေ မိနစ်ပိုင်းတွင်းမှာပဲ အဆိပ်ငွေ့သင့်သွားကြတာလို့ ဆိုပါတယ်။ ဆေးရုံကတော့ သေဆုံးသူတွေကို ထပ်မံဓာတ်ခွဲစစ်ဆေးမယ်လို့ ပြောပါတယ်။

အဆိပ်ငွေ့မိသူ ရေလုပ်သား ၄ ယောက်မှာ အသက် ၂၈၊ ၃၃၊ ၃၇ နဲ့ ၄၅ နှစ်ရွယ်ရှိပြီး အားလုံး ထိုင်းနိုင်ငံသားတွေ ဖြစ်တယ်၊ ဒဏ်ရာပြင်းထန်သူတယောက်ဟာ ပြန်ရှင်လာတယ်ဆိုရင် အလွန်တရာ ကံထူးသူဖြစ်မယ်လို့ ရေလုပ်သားတယောက်က ပြောပါတယ်။

Source: CH3 TV News / Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013