
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကို စစ်ကောင်စီတပ်က ဇွန် ၂၈ ရက် နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲလို့ ပြည်သူ ၁ ယောက်သေဆုံး၊ ၆ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်သူ ရဲဘော်အောင်လေး က “နေ့လယ် ၁၁ နာရီခွဲလောက်မှာ ငါန်းဇွန်မြို့နယ်ထဲက ယိုးဒယား (ရွာသစ်) ရွာ ရေဆိပ်နားကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်တပ်ဂျက်ဖိုက်တာက ဗုံး ၃ လုံး ကြဲသွားခဲ့တာပါ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ ရေဆိပ်အနီးမှာနေထိုင်ကြတဲ့ အမျိုးသား ၁ ယောက် ဗုံးစထိမှန်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက “ဗုံးစထိလို့သေဆုံးသွားတဲ့ အမျိုးသားက အသက် ၇၀ အရွယ် ဦးပြား ပါ။ ဒဏ်ရာရတဲ့သူတွေကတော့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ အသက် ၅၀ အောက်တွေပါ။ သူတို့ကိုတော့ လုံခြုံတဲ့နေရာတွေမှာ ဆေးကုသမှုပေးထားပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေတော့မပါဘူးလို့ သိရပါတယ်ဗျ”လို့ DVB ကို ပြောပါတယ်။
ငါန်းဇွန်မြို့နယ်က ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို သတိထားနေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေတူးထားကြပြီး လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို အထူးဆောင်ရွက်ထားကြဖို့လည်း သတိပေးတိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၀ နေ့ကစတင်ခဲ့တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် မြင်းခြံ-နွားထိုးကြီး-တောင်သာနဲ့ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဟာလည်း အဲဒီမြို့နယ်တွေက စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရကြသလို လူနေအိမ်တွေ မီးလောင်ပျက်စီးရတယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံဆီကနေ သိရပါတယ်။