
ဂါဇာဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေရဲ့ လူနေ တိုက်ခန်းအဆောက်အအုံတခုနဲ့ ပြည်တွင်းစစ်ရှောင် မိသားစုတွေ နေထိုင်နေကြတဲ့ စာသင်ကျောင်း တကျောင်းကို ထိမှန်ခဲ့ပါတယ်။
ဇွန် ၂၇ ရက်မှာ ဂါဇာတဝန်း လူအများအပြား သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေ များပြားကြောင်း ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဒေသခံတွေက တိုက်ခိုက်ခံရတဲ့ တိုက်ခန်းမှ အပျက်အစီးတွေကို ဖယ်ရှားဖို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြပြီး ဒဏ်ရာရရှိထားပြီး စိတ်တုန်လှုပ်နေတဲ့ မိခင်တယောက်က တိုက်ခိုက်မှုအပြီးမှာ သူ့ကလေးတွေ ဘယ်နေရာရောက်သွားလဲ ဆိုတာ မသိတော့ဘူး လို့ ပြောပါတယ်။
ဂါဇာမြောက်ပိုင်းမှာ စစ်ရှောင်မိသားစုတွေ ခိုလှုံနေကြတဲ့ အိုဆာမာ ဘင်ဇာယဓ် စာသင်ကျောင်းပေါ်ကို အစ္စရေးက တိုက်ခိုက်မှုကြောင့် အသေအပျောက်တွေ များပြားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကျောင်းက မျက်မြင်သက်သေတယောက်ကတော့ မိသားစုနဲ့ ထမင်းအတူစားနေချိန်မှာ ကျောင်းကို ဗုံးကြဲခံခဲ့ရတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှု ၂ ခုအတွက် တရားဝင် စာရင်းအတိအကျ မရှိခဲ့ပေမဲ့ ကျောင်းကို တိုက်ခိုက်ခံရအပြီး အနည်းဆုံး ရုပ်အလောင်း ၄ လောင်းကို ရေခဲတိုက်တခုမှာ တွေ့ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဂါဇာကမ်းမြောက်တလျှောက် အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇၂ ယောက် သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters