စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းရွာကို စစ်ကောင်စီတပ်က ဇွန် ၂၈ ရက် ဒီမနက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် ဒေသခံ ၄ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကနေတက်လာတဲ့ စက်တပ်လေထီးက မနက် ၉ နာရီမှာ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့လာကြဲချတာက ကျနော်တို့ရွာရဲ့ မနက်ခင်ဈေးတောင်ဘက်ကပ်လျက်ရှိတဲ့အိမ်ပေါ် ဗုံးသီးတလုံးချသွားတာဗျ။ လအဲလိုချသွားလို့ ပြည်သူ ၃ ယောက်ကတော့ နေရာတင် သေဆုံးတယ်။ အစအနပါလိုက် ကောက်ယူခဲ့ရတာလည်းရှိတယ်။ ကျန်တဲ့ ၁ ယောက်က ဆေးကုသဖို့သွားရင်း သေဆုံးခဲ့ရတာဗျ။ ဘာတိုက်ပွဲမှမရှိဘူးနော်။ သူတို့ ချင်းတွင်းမြစ်အတွင်းက ဆန်တက်ခွေးသင်္ဘောနဲ့ ဖလပ်တွေကို ကာကွယ်ရေးတပ်က ပစ်ခတ်မှာကြောက်ပြီး အခုလိုလုပ်သွားတာဖြစ်နိုင်တယ်။ သူတို့လေထီးပေါ်ကနေ မြေပြင်ကလူအများရှိနေတဲ့ ဈေးဝယ်သူ၊ ဈေးရောင်းသူတွေကြည့်ပြီး ပြည်သူတွေဆိုတာမသိဘူးလားဗျ။ ဒီ စစ်ကောင်စီတပ်ကတော့ မိုက်ရိုင်းချက်က ကမ်းကုန်နေပြီ”
သရက်ကိုင်းရွာက အသက် ၅၀ ဝန်းကျင် ဦးကျော်ဝင်း၊ အသက် ၆၀ ဝန်းကျင် ဦးဖိုးသိန်း၊ ၆၃ နှစ်အရွယ် ဦးထင်အောင်နဲ့ အသက် ၂၀ ဝန်းကျင်အရွယ် မောင်သက်ထူးတို့ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
မနက် ၈ နာရီခွဲလောက်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စက်တပ်လေထီး ၂ စင်းပျံတက်လာပြီး ရွာတွေကိုပတ်ဝဲနေတာကြောင့် လိုချင်တဲ့ ပစ်မှတ်တခုခုကို လိုက်ရှာနေသလိုပဲ လို့လည်း ဆိုပါတယ်။
တိုက်နယ်တာဝန်ခံတယောက်က “ကျနော်တို့တိုက်နယ်ဘက်ကရွာတွေဆီကိုသွားတာက သရက်ကိုင်းရွာကိုတလုံး၊ တောင်ကြားကျေးရွာကိုတလုံး၊ နှောကူးတို့ရွာဘုန်းကြီးကျောင်းကိုတော့ စစ်သင်္ဘောပေါ်ကနေ ပစ်သွားတာလားဆိုတာတော့ အတိကျမသိရသေးဘူး။ သူတို့ ချင်းတွင်းမြစ်အတွင်းကနေ ခွေးစာသယ်တဲ့ရိက္ခာတင်သင်္ဘော ၁၄ စင်း ဆန်တာကို ပစ်ကြမှာစိုးလို့ကာတဲ့သဘောလား၊ ဒါမှမဟုတ် ပြည်သူကိုသက်သက်မဲ့ သတ်ချင်တဲ့သဘောလို့ပဲ ပြောရမယ်။ ဘာမစ်ရှင်မှမဖြစ်ဘူး။ ဘာတိုက်ပွဲမှလည်းမရှိဘူလေ။ အိမ်က ၅ လုံးကတော့ အသေးစားပျက်စီးသွားတယ်။ လက်သမားလုပ်နေတဲ့ မီးစက်တလုံးမီးလောင်တယ်” လို့ ပြောပါတယ်။
သရက်ကုန်းရွာပတ်ဝန်းကျင် ၄ မိုင်လောက်အတွင်း တခြားရွာတွေမရှိဘဲ သရက်ကုန်းရွာမှာလည်း တော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာမဟုတ်ဘဲ အရပ်သားတွေပဲနေထိုင်ကြတာလို့ သိရပါတယ်။
စက်တပ်လေထီးတွေ ပျံဝဲနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာတွေကို ရှောင်တိမ်းနေကြရပြီး မုံရွာ နမခကနေ ဆားလင်းကြီးမြို့နယ်ထဲကကျေးရွာတွေကို စက်တပ်လေထီးတွေပျံသန်းလာရင် အချိန်အတိုအတွင်းမှာရောက်ရှိလာနိုင်တာကြောင့် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။