DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ညအထိစစ်ရသဖြင့် ဆရာ၊ဆရာမများ သွားလာရေးအခက်ကြုံ
DVB
·
June 28, 2025
တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ညအထိစစ်ရသဖြင့် ဆရာ၊ဆရာမများ သွားလာရေးအခက်ကြုံ
Donate to DVB

ပြန်ဖြေခဲ့ကြရတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေကို ဇွန် ၂၆ ရက်ကစလို့ ရန်ကုန်မှာ အမှတ်ခြစ်စစ်ဆေးနေပြီး မနက်အစောကနေ ညအထိ စစ်ဆေးကြရလို့ ဆရာ ဆရာမတွေ သွားလာရေး အဆင်မပြေဘူးဖြစ်နေတယ်လို့ သိရပါတယ်။

အဖြေလွှာတွေမီးလောင်လို့ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေခဲ့ကြရတဲ့ ကျောင်းသားကျောင်းသူတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကနေ ၂၁ ရက်အထိ စာမေးပွဲပြန်ဖြေခဲ့ကြရတာပါ။

အဖြေလွှာတွေ စစ်ဆေးပေးနေရတဲ့ ရန်ကုန်မြို့တွင်းနေ ဆရာမတယောက်က “မနက် ၇ နာရီကနေ ည ၇ နာရီအထိ စစ်ရတယ်။ မနက် ၇ နာရီ ဒဂုံ တက္ကသိုလ်ကိုရောက်ဖို့အတွက် မနက် ၅ နာရီမှာ အိမ်ကထွက်ရတယ်။ ၇ နာရီမှ ကျောင်းကနေပြန်ရတယ်။ သူတို့(ပညာရေးတာဝန်ရှိသူတွေ)ကတော့ ကားလိုင်းတွေကို ပြောပေးထားတယ်တဲ့။ ဒါပေမဲ့ ကားက ဂိတ်ဆုံးနေရာအထိမရောက်တော့ စုပြီး တက္ကစီငှားကြရသေးတယ်။ အိမ်ကို တော်တော်နောက်ကျမှ ပြန်ရောက်တာ” လို့‌ ပြောပါတယ်။

တချို့ စာစစ်ခန်းတွေက စောစောပြန်ဖို့ခွင့်ပေးပေမယ့် ခရီးတူ မပြန်ရသေးသူတွေကို စောင့်ရင်းနဲ့လည်း နောက်ကျရတယ်လို့ သူက ဆိုပါတယ်။

ဆရာမ နောက်တယောက်က “မနက်ဘက်ကတော့ ကားတွေရှိတယ်။ ညနေဆို ကားတွေက ရှားသွားပြီလေ။ ကျောင်းကပြန်ရတဲ့အချိန်မှာ ကားတွေက ပုံမှန်ရောက်သင့်တဲ့နေရာအထိ မသွားကြတော့တာ။ သူတို့အတွက် ခရီးသည်လည်းမရှိတော့ဘူးလေ။ အသိ ဆရာမတယောက်ဆို ညဘက်ပြန်ရောက်တာနောက်ကျလို့ သူ့ယောကျ်ားနဲ့ပြဿနာဖြစ်သေးတယ်” လို့ ပြောပါတယ်။

အဖြေလွှာတွေကို ရန်ကုန်တက္ကသိုလ် ပင်မနဲ့ ဒဂုံ တက္ကသိုလ်တို့မှာ စစ်ဆေးနေတယ်လို့ သိရပြီး စစ်ဆေးခ ရ၊ မရလည်း မသေချာဘူးဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာမေးပွဲတုန်းကတော့ အဖြေလွှာတစောင်ကို ကျပ် ၅၀၀ စီရပြီး မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိပဲ စစ်ဆေးရတာကြောင့် အဆင်ပြေတယ်လို့ ဆရာ ဆရာမတွေက ပြောပါတယ်။

ဆရာမတယောက်က “အရင်တခါတုန်းက အဖြေလွှာတွေ စစ်ပြီးတာနဲ့ ငွေကိုထုတ်ပေးတာ။ သူတို့ပြောတာကတော့ စိုက်ထုတ်ပေးတယ်ပြောတာပဲ။ အခုကတော့ စိုက်ထုတ်ပေးဖို့မရှိဘူး တဲ့။ ဘယ်တော့ရမယ်ဆိုတာလည်း မသေချာဘူးဖြစ်နေတာ။ ဘယ်သူကမှ ရေရေရာရာ မပြောနိုင်ဘူး” လို့ ပြောပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျ မီးလောင်ပြီး အဲဒီကိုရောက်နေတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေထားသူတွေရဲ့ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013