ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ ဇွန် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
က.လ.လ.တ ဗျူဟာ ၂ ၊ ၉၄၂၅ တပ်ရင်း တပ်ခွဲ ၃ မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ကလိတို (ကိုယ်ပိုင်အမှတ် - 1827) ဟာ ဇွန် ၂၅ ရက်နေ့မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
က.လ.လ.တ တပ်ရင်းအမှတ် ၆၂၆၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် သော်ဇေယံကတော့ ဇွန် ၂၆ ရက်နေ့ ဖားဆောင်းမြို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
က.လ.လ.တ တပ်ရင်းအမှတ် ၉၄၂၅ ပြန်ကြားရေး တာဝန်ရှိသူက “သူ(ရဲဘော်ကလိတို)က ဆေးအဖွဲ့ အနားရောက်တဲ့အချိန် သတိတောင်မလည်တော့ဘူးဗျ” လို့ ပြောပါတယ်။
ရဲဘော် ကလိတိုနဲ့ ရဲဘော် သော်ဇေယံတို့က ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်ပေးဆပ်ကာ ကျဆုံးခဲ့ရတာကြောင့် ဝမ်းနည်းရပြီး အာဇာနည် သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့နယ်ရှေ့တန်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် စစ်ရေးတင်းမာနေတဲ့အပြင် နှစ်ဖက်အထိအခိုက် အကျအဆုံးရှိတယ်လို့ သိရပါတယ်။