
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသက အမျိုးသမီးနဲ့ ကလေးငယ်တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂရဲ့ အဋ္ဌမအကြိမ်ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။
ညီလာခံကို ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မှာ ကျင်းပခဲ့ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပအိုဝ်းဒေသက အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူရေးနဲ့ တာဝန်ခံမှု ရှိလာစေဖို့ ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ တာဝန်ရှိသူက “ရှမ်းတောင်မှာဆိုရင် လက်နက်ကိုင်ပေါင်းစုံ စုဆုံနေတဲ့ နေရာဖြစ်တယ်၊ PNO လွှမ်းမိုးနေတဲ့နေရာ ဖြစ်တဲ့အတွက် GBV ကတော့ အခုက ပိုဆိုးလာတယ်၊ အိမ်တွင်းအကြမ်းဖက်မှု၊ အွန်လိုင်းပေါ်ကနေ ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုများလာတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုရင် ပအိုဝ်းဒေသ မှာ PNO ရဲ့ စစ်မှုထမ်းနဲ့ ဆက်စပ်မှုလည်းရှိနေတယ်။ အမျိုးသားက စစ်မှုထမ်းရတော့ လက်နက်ကိုင်ဆောင်ခွင့်ရနေတယ်၊ အဲအချိန်မှာ အမျိုးသမီးအပေါ် ပိုပြီး အကြမ်းဖက်လာတာမျိုး၊ လက်နက်ကို အသုံးချပြီး အနိုင်ကျင့်တာမျိုးတွေလည်း ရှိလာတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက စစ်ရှောင်နေရတဲ့ အနေအထားဖြစ်နေတဲ့အတွက် လုပ်ဆောင်ဖို့ ခက်ခဲတာတွေ၊ မြေပြင်အခြေအနေအရ လုံခြုံရေးအရ သွားလာဖို့ ခက်ခဲတာတွေ၊ လူတွေ့သွားရောက်တွေ့ဆုံဖို့ ခက်ခဲတာတွေ ဖြစ်တဲ့အတွက် တရားမျှတမှုရဖို့ အလှမ်းဝေးနေတယ်လို့ သိရပါတယ်။