ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဇွန် ၂၇ ရက် မနက်အစောပိုင်း ၁ နာရီမထိုးခင် စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက် သေဆုံးသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ဗုံးထပ်ကြဲတာပါ ကျောက်မဲမှာ။ ထိခိုက်မှုကတော့ လောလောဆယ်မှာတော့ သေဆုံး တယောက်ပဲ ရှိပါတယ်ဗျာ။ နှစ်ယောက် ဒဏ်ရာရပါတယ်။ အဲလောက်ပဲ ကြားပါတယ်” လို့ ပြောပါတယ်။
ဇွန် ၂၇ ရက် မနက်အစောပိုင်း ၁၂ နာရီ ၄၄ မိနစ်မှာ တကြိမ်၊ ၁၂ နာရီ ၄၈ မိနစ်မှာ တကြိမ် လေကြောင်းနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ သူက ပြောပါတယ်။
ကျောက်မဲ မြောက်ကုန်း ဆောက်လုပ်ရေးဝိုင်းထဲနဲ့ ရွှေကျင်ကျောင်းနဲ့ မျက်စောင်းထိုး ဆောက်လုပ်ရေးရုံး ရိပ်သာမှာ ကျရောက်ထိမှန်တာလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်ကလည်း “ကျောက်မဲမှာ ဗုံးထပ်ကြဲတာ ဟုတ်ပါတယ်။ လူတွေ အိပ်မောကျနေတဲ့ အချိန်ကြီး ထပ်လာကြဲမယ်လို့ မထင်ထားခဲ့ဘူး” လို့ ပြောပါတယ်။
ကျောက်မဲ ခရိုင်ဆောက်လုပ်ရေး ရိပ်သာမှာ ဗုံးတလုံး ထိမှန်ပြီး မြို့နယ်ဆောက်လုပ်ရေးဝန်းမှာ ဗုံးတလုံး ထိမှန်တယ်လို့ သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူက အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတယောက် ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း ကျောက်မဲမှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စံပြထမင်းဆိုင် ထိမှန်ခဲ့ပြီး ဒေသခံ ၄ ယောက် သေဆုံးကာ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။